PSG 2-0 City ပွဲပြီး သုံးသပ်ချက်
PSG 2-0 City
7’ - Gueye ⚽
74’ - Messi ⚽
Oil Clasico လို့ ပြောလို့ စိတ်တော့ မဆိုးလိုက်နဲ့ဗျို့။ ရေနံသူဌေးတွေရဲ့ အလုံးအရင်းနဲ့ ထောက်ပံ့မှုတွေကြောင့် နောက်ပိုင်းနှစ်တွေမှာ ကြောက်မခန်းလိလိလူစာရင်းကို ပိုင်ဆိုင်လာတဲ့ နှစ်သင်းဆိုတော့ ရေနံဒါဘီပေါ့ဗျာနော့။ မနှစ်က Semifinal မှာ တွေ့ခဲ့တုန်းကတော့ City တို့က တည်တည်ငြိမ်ငြိမ်ပဲ ကျော်ဖြတ်ပြသွားခဲ့တယ်။ဒါပေမယ့် အခြေအနေတွေကတော်တော်ကွာခြားသွားပြီ။ ကမ္ဘာ့အကောင်းဆုံးကစားသမား လီယိုမက်ဆီ ၊ ကိုပါမှာ အီတလီနဲ့အတူ တောက်ပခဲ့တဲ့ ဂိုးသမားဒွန်နာရမ်မာ ၊ ဟာကီမီ ၊ ဝိုင်နယ်ဒမ်း ၊ နူနိုမန်ဒက်စ် တို့ ပါဝင်လာပြီဖြစ်တဲ့ PSG ရဲ့ squad dept က တော်တော်ကြောက်စရာပါပဲ။
အမှန်တိုင်းပြောရရင် မန်ချက်စတာသားတွေက ပွဲကို ပိုပြီး စိုးမိုးနိုင်ခဲ့ပါတယ်။ ဥရောပချန်ပီယံ ချယ်ဆီးကို လွမ်းမိုးနိုင်ခဲ့သလို PSG ကိုလည်း မကြောက်မရွံ့နဲ့ ကွင်းတစ်ဝက်ထိ တက်ပြီး ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ကန်ဆယ်လို နဲ့ ဝေါ်ကာရဲ့ ကစားအားကတော့ တော်တော်လေးကို အားရဖို့ ကောင်းလွန်းပါတယ်။ ဝေါ်ကာဟာ ရှေ့ထိတက်ပြီး PSG ရဲ့ normal pass တွေတက် pressတော့လည်း သူ ၊ ကောင်တာပေါက်ပြီး နောက်ပြန်ပြေးရချိန် ရှေ့ဆုံးက ရောက်နေတဲ့ last defender ကလည်း သူပါပဲ။ ကန်ဆယ်လိုဟာလည်း ချယ်ဆီးနဲ့ပွဲက man of the match ရသွားတဲ့ ခြေကို မကျသွားပါဘူး။ အမှတ်မထင်ဖြတ်တင်ပေးလိုက်တဲ့ key pass တွေ၊ အပြင်းကန်သွင်းချက်တွေမှ မနည်းပါဘူး။ သာမာန်ခြေစွမ်းထက် မပေါ်တဲ့ ဂရေးလစ်ကြောင့် ကန်ဆယ်လိုရဲ့လုပ်ကွက်တွေက ပိုပြီး ရလာသလားဆိုတာတော့ စဉ်းစားစရာပါပဲ။ ကွင်းလည်မှာဆိုရင်လည်း ရိုဒရီဟာ တကယ့်ကို သန်မာသလို ဘယ်ခြမ်းနဲ့ညာခြမ်းကို ဘောလုံးဖြန့်ဝေပြီး တိုက်စစ်လမ်းကြောင်းဖော်သွားတာတွေက တော်တော့်ကို တိုးတက်လာတာပါ။ ဘာနာဒိုကိုတော့ အထွေအထူးမပြောတော့ပါဘူး။ ဒီလိုနေရာမှာ ဒီလိုခြေစွမ်းကြီးနဲ့ ကစားပြနေတာ တစ်ပွဲနှစ်ပွဲမကတော့ပါဘူး။
ဂွာဒီယိုလာ ဟာ ဘာနာဒိုဆေးဗားကို hole player တစ်ယောက်အဖြစ် ပုံသွင်းနေတာလားဆိုတာလည်း စဉ်းစားစရာပါ။ နောက်ပိုင်းပွဲစဉ်တွေမှာ ဘယ်တောင်ပံနဲ့ညာတောင်ပံမက ၊ ကွင်းလယ်တစ်ကြောနဲ့ နောက်တန်းနေရာလွတ်တွေမှာပါ အစွမ်းကုန်လိုက်ဖြည့်ဆော့နေခဲ့တာပါ။ ခုနက ပြောခဲ့သလို ဂရေးလစ်ဟာ သာမာန်ထက် မပိုခဲ့ပါဘူး။ မာရက်ဇ် ရှိတဲ့ညာတောင်ပံတစ်လျှောက်ဟာ အတော်လေးထိုးဖောက်နိုင်ခဲ့ပေမယ့် တစ်ဖက်က နူနိုမန်ဒက်စ် အမှားနည်းခဲ့သလို အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။
ဒီပွဲမှာ စတာလင်ကို ဘာကြောင့်ထည့်သလဲဆိုတာ ပြောစရာရှိနေပါလိမ့်မယ်။ တကယ်တော့ ဂွာဒီယိုလာကြီးက စတာလင်ကို ဗဟိုခံစစ်နှစ်ယောက်ရဲ့ လိုင်းတွေကြားကနေ ဖြတ်ပြေးပြီး ဖောက်ထွက်စေချင်တာပါ။ တကယ်လည်း ကန်ဆယ်လိုရဲ့ ပေးပို့မှုတွေအောက်မှာ စတာလင်ရဲ့ incisive run တွေနဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြေးပြခဲ့တာ မနည်းပေမယ့် ဂိုးရလောက်အောင်တော့ လုံလောက်မနေပါဘူး။ မပြောချင်ပေမယ့် ပြောရတော့မယ်။ အားမရဆုံးကတော့ မင်းသားကြီး ဒီဘရိုင်းပါပဲ။ စတာလင်နဲ့ ဘာနာဒိုတို့ အသုံးမချနိုင်ခဲ့တဲ့ အပိုင်ပေးပို့မှုတစ်ကြိမ်အပါအဝင် ဘောလုံးလမ်းကြောင်းတွေ ထွက်ခဲ့ပေမယ့် အရင်ဒီဘရိုင်း မဟုတ်နေတာတော့ အသိအသာပါပဲ။ဒဏ်ရာက ပြန်ပြန်လာချင်းမှာ အသားမကျသေးတာပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။
ဖိုဒန်နဲ့ ဂျေးစုသာ စောစောဝင်ဖြစ်ခဲ့ရင် ဒီထက်ကောင်းတဲ့ ရလဒ်တစ်ခု ရနိုင်မယ်လို့တော့ တွေးမိတာပဲဗျို့။ ချယ်ဆီးပွဲက ပြောခဲ့သလို ပြောရရင်တော့ တိုက်စစ်မှူးကြောင့်လို့ မလွှဲချချင်ပေမယ့် ဒီလောက် chance creation ကောင်းတဲ့အသင်းမှာ တိုက်စစ်မှူးစစ်စစ်တစ်ယောက်သာ ရှိနေခဲ့ရင်ဆိုတဲ့ အတွေးကတော့ ကျွန်တော်တို့ ခင်ဗျားတို့အားလုံး တွေးမိကြတယ်မလား။
ပိုချက်တီနိုကတော့ ပက်ကို အကြိမ်ကြိမ်အနိုင်ယူခဲ့ဖူးတဲ့ သူ့ပုံစံအတိုင်းပဲ ကစားပြသွားပါတယ်။ ခံစစ်နဲ့ကွင်းလယ်ကို ကျစ်လစ်အောင် ပြင်ဆင်မယ်။ အမှားစောင့်ပြီး individual skill ကောင်းကောင်းနဲ့ ထိုးဖောက်မယ်ဆိုတဲ့ ပုံစံပါ။ ဒီပုံစံအတိုင်းကိုပဲ စပါးအသင်းမှာ ဆွန်တို့ မော်ရာတို့နဲ့ အကြိမ်ကြိမ်အနိုင်ယူပြပြီးသားပါ။ ဒီပုံစံကပဲ ၂၀၁၈ မှာ လိုင်ယွန်အသင်းကို ၂-၁ နဲ့ရှုံးပြီးနောက်ပိုင်း ၃နှစ်ဆက် အုပ်စုတွင်းရှုံးပွဲမရှိသေးတဲ့ စီးတီးတို့ကို ဖြိုခွင်းသွားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ PSG ကစားသမားထဲက ချီးကျူးစရာ ၃ယောက်ရှိပါတယ်။ ပထမတစ်ယောက်ကတော့ ဂိုးသမား ဒွန်နာရမ်မာပါ။ ဒီနေ့ပွဲမှာ မန်စီးတီးရဲ့ဂိုးပေါက်ကန်သွင်းမှုက ၁၈ကြိမ်ပါ။ ဒီထဲမှာ ၇ကြိမ်က ဂိုးပေါက်တည့်ပါတယ်။ ဒါဟာ ဘောလုံးပွဲတစ်ပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ အချက်အလက်တွေပါပဲ။ ဒါပေမယ့် PSG ရဲ့ဂိုးသမားနဲ့ နောက်တန်းတွေဟာ ကျစ်ကျစ်လစ်လစ်နဲ့ အမှားမရှိအောင် ကစားသွားနိုင်ခဲ့ပါတယ်။
နောက်ထပ်ချီးကျူးရမှာတော့ ကွင်းလယ်က ဗာရတ်တီပါပဲ။ ဗာရတ်တီပါတဲ့ PSG ကွင်းလယ်က သိပ်သိသာလွန်းပါတယ် ။ ဗာရတ်တီ မကစားနိုင်တဲ့ အချိန်မှာ ဥရောပထိပ်သီးလိဂ် ၅ခုထဲတောင် မပါတဲ့ ပြင်သစ်လီဂူးမှာတောင် ရုန်းကန်နေရပေမယ့် ဒီနေ့ပွဲမှာတော့ သာသာယာယာဆော့သွားနိုင်ပါတယ်။ ဗာရတ်တီနဲ့ ဟာရဲရားတို့ရဲ့ အတင်းဝင်အတင်းထွက် ဖျက်တောက်မှုတွေကြောင့် စီးတီးတို့ဟာ ချယ်ဆီးနဲ့ပွဲကလောက် မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ ဗာရတ်တီဟာ တစ်ချိန်ထဲမှာပဲ တစ်ကိုယ်တော်အစွမ်းနဲ့ ရုန်းထွက်ပြလိုက်၊ အသင်းဖော်တွေနဲ့ အတည်ငြိမ်ဆုံးချိတ်ဆက်ပြလိုက်နဲ့ပဲ စီးတီးတို့ရဲ့ high press တွေကို ဖြည်ပြသွားတာ မနည်းပါဘူး။
နောက်ဆုံးချီးကျူးရမှာတော့ လူငယ်တိုက်စစ်မှူး အမ်ဘာပေ ပါ။ အမှန်တိုင်းပြောရရင် ဒီပွဲမှာ PSG ရဲ့တိုက်စစ်ထိုးဖောက်မှုတိုင်းက သူ့ကြောင့်ပါ။ နေမာနဲ့ မက်ဆီဆီက လုံလောက်တဲ့ပံ့ပိုးမှုတွေ မရချိန်မှာ တစ်ကိုယ်တော်လိမ်ခေါက်ပြမူ၊ ချိန်သားကိုက်ပြေးထွက်မှုတွေနဲ့ တော်တော်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ PSG ရခဲ့တဲ့ ၂ ဂိုးလုံးကလည်း ဘာပေရဲ့ဖန်တီးပေးပို့မှုနဲ့ ပါးနပ်မှုတွေကြောင့်ပါ။
လီယိုမက်ဆီ အနေနဲ့ ဒီပွဲမှာတစ်ဂိုးသွင်းယူပြပြီး ဝေဖန်သူတွေကို ပါးစပ်ပိတ်သွားစေပါတယ်။ စီးတီးနောက်ခံ လူလာပေါ့ နောက်ကနေ အတင်းဖိထားတဲ့ကြားက အီဒါဆင်ရဲ့ဘယ်ဘက်အပေါ်ထောင့်ကို အသာအယာလေးသွင်းပြသွားတာပါ။ တော်တော်သေသပ်ပြီး စနစ်ကျတဲ့ဂိုးပါပဲ။ အားနာပေမယ့် ပြောတော့ပြောရဦးမယ်။ အရင်က လီယိုကိုတော့ ပြန်မရသေးတာအမှန်ပါ။ အသင်းသစ်မှာ နည်းစနစ်အသစ်တွေနဲ့ အသားမကျသေးတာလားဆိုတာ မသိပေမယ့် ပွဲကစားချိန်တော်တော်များများမှာတော့ မက်ဆီရော နေမာပါ ပျောက်ဆုံးနေခဲ့ပါတယ်။ အားရစရာကတော့ ဗာရတ်တီနဲ့ လီယိုရဲ့တစ်ချက်ထိတွဲလုံးလေးတွေ ၊ နေမာ-ဘာပေ-မက်ဆီတွဲလုံးလေးတွေကို မြင်တွေ့လာရပါတယ်။ ဇာဗီ နဲ့ အင်နီယေစတာအလွန်မှာ လီယို့အတွက် တစ်ချက်ထိနဲ့ လှလှပပတွဲကစားမယ့်သူ ရှားပါးခဲ့တဲ့ပြဿနာကတော့ နောက်ပိုင်းမှာ အဆုံးသတ်တော့မယ့်ပုံစံပါပဲ။ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် မက်ဆီဟာ မန်စီးတီးဘက်ကို ၇ ဂိုးထိ သွင်းယူထားခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်မှာ စီးတီးဘက်ကို အများဆုံးသွင်းထားသူပါ။
ဒီနေ့ပွဲမှာ လူပြောများခဲ့တဲ့ နောက်ထပ်တစ်ချက်ကတော့ မန်စီးတီးအသင်း ပစ်ဒဏ်ဘောရချိန်မှာ PSG အသင်းဖော်တွေ ကာထားတဲ့တံတိုင်းရဲ့နောက်ကနေ လှဲအိပ်ပြီး မြေလှိမ့်ဘောနဲ့ သွင်းလို့မရအောင် ကာကွယ်သွားတဲ့ လီယိုရဲ့အကြောင်းပါ။ တကယ်တော့ ဘောလွန်းဒေါ ( Balloon D'Or) ကို ငါးကြိမ်ထိ ရယူထားတဲ့ ကစားသမားတစ်ယောက်က ဒီလောက်ထိလိုက်လုပ်ပေးစရာ မလိုပါဘူး။ ဒါပေမယ့် ဒီဘဲကြီးကတော့ အသင်းအတွက် လိုအပ်တာ ဖြည့်ပေးဖို့ကလွဲရင် သိပ်သိပုံမပေါ်ပါဘူး။ ဒီလိုမာနကင်းတဲ့ ပုံစံတွေကြောင့်ပဲ အားလုံးရဲ့အချစ်တော်ဖြစ်နေရတာပေါ့။ အရင်အပတ်တွေကလည်း ယူနိုက်တက်မှာ နောက်တန်းထိ လိုက်ဆော့နေတဲ့ ၊ လက်ပစ်ဘောတွေပါ မြှောက်တဲ့ ၃၆ နှစ်သားကြီး စီရော်နယ်ဒိုအကြောင်း ပြောခဲ့ကြပါသေးတယ်။ တကယ်တော့ လောကမှာ မပြည့်တဲ့အိုးတွေကသာ ဘောင်ဘင်ခတ်နေပေမယ့် တကယ်ပြည့်ဝတဲ့လူတွေဆိုတာ နှိမ့်ချတတ်ပြီး ကိုယ်လုပ်စရာရှိတာကိုသာ အစွမ်းကုန်ကြိုးစားတတ်ကြောင်း ကျွန်တော်တို့ရဲ့ GOAT (Greatest of all time) ၂ယောက်က သက်သေပြသွားခဲ့တာပဲမလား။

thank
ReplyDeleteApparently
ReplyDeleteContent is good.
ReplyDeleteLove😘
ReplyDelete6 Balloon DOr ?
ReplyDelete⚽⛹️
ReplyDeleteDone 🤍
ReplyDelete