ဝေးသွားတဲ့အခါ

 "ဝေးသွားတဲ့အခါ" သီချင်းကို ဆရာငှက်လို့လူသိများတဲ့ ထူးအိမ်သင်ကအသက် ၂၀မပြည့်ခင်မှာတင်ရေးသားခဲ့ပါတယ်။ အရှုပ်ထွေးဆုံး ဂီတအမျိုးအစားတစ်ခုဖြစ်တဲ့ Jazz music ကိုဆယ်ကျော်သက်အရွယ်တစ်ယောက်ကရေးသားခဲ့တာပေါ့။ 




             ရေးပြီးတဲ့နောက် အတူဆိုမယ့်မိန်းကလေးတေးသံရှင်ကိုရှာခဲ့ပေမယ့် တက်သစ်စအဆိုတော်မို့ရှာရခက်ခဲ့ပါတယ်။ နာမည်ကြီးအဆိုတော်မလေးတစ်ယောက်ကို သီချင်းစာသားနဲ့notes စာရွက်ကိုပို့ပေးခဲ့ပေမယ့် " တင်ထားလိုက်နော် ဖတ်ကြည့်လိုက်ပါ့မယ်" လို့အထက်စီးကပြောတာကိုခံခဲ့ရပါတယ်။ ဒါပေမယ့် သီချင်းကိုဖတ်ကြည့်ပြီးနောက်မှာတော့ သူအရမ်းမှားသွားမှန်းသိတာကြောင့် ဆရာငှက်ကိုဆက်သွယ်ပြီး သီချင်းဟာအရမ်းခက်ကြောင်း၊ သူ မဆိုနိုင်ကြောင်း ဝန်ခံပြီးတောင်းပန်ခဲ့ပါတယ်။

               နောက်ဆုံးတွဲဆိုစရာလူရှာရခက်နေတာကြောင့် ငယ်ငယ်ထဲကသီချင်းတူတူဆိုလာတဲ့သူငယ်ချင်းလေး ပေါက်ပေါက်ကိုပဲအကူအညီတောင်းပြီးဆိုခဲ့ပါတယ်။ ပေါက်ပေါက်နဲ့အတူ အပေးအယူမျှမျှနဲ့ ရသပေါ်အောင်ဆိုသွားနိုင်ခဲ့တာမို့ လူရွေးမမှားခဲ့ဘူးလို့ပဲပြောရမှာပါ။

                "ဝေးသွားတဲ့အခါ" သီချင်းမှာ ဂီတာ chord ပေါင်း ၄၀ကျော်ပါဝင်ပါတယ်။ နိုင်ငံခြား classical သီချင်းကြီးတွေတောင် များသောအားဖြင့် chords ၂၀ လောက်နဲ့တောင်ဖွဲ့စည်းလေ့ရှိတာမို့ တကယ်ကိုပြောင်မြောက်တဲ့လက်ရာတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ နာမည်ကြီးတေးရေးဆရာ ရွှေဂျော်ဂျော်ကတော့ ဒီသီချင်းဟာသူတို့အားလုံးအတွက် သင်ရိုးညွှန်းတန်းတစ်ခုဖြစ်ခဲ့တယ်လို့တင်စားခဲ့ဖူးပါတယ်။

                  ကိုယ်ပိုင်တေးသီချင်းတစ်ပုဒ်ဖြစ်တာကြောင့် မြန်မာ့ဂီတလောကအတွက်အရေးပါတဲ့မှတ်တိုင်တစ်ခုလည်းဖြစ်သလို ဂီတကိုမြတ်နိုးသူတွေအတွက် ခေတ်အဆက်ဆက်ပြောင်းလဲရိုးမသွားနိုင်တဲ့ masterpiece တစ်ပုဒ်လည်းဖြစ်ပါတယ်။

                ဆရာငှက်ကသူသေဆုံးတဲ့အခါ သူ့အုတ်ဂူမှာ " ဝေးသွားတဲ့အခါ" ကို notes နဲ့တကွထွင်းပေးဖို့တောင်းဆိုခဲ့ပြီး ကျန်ရစ်သူမိသားစုကလည်း သူ့စိတ်တိုင်းကျဖြည့်စည်းပေးခဲ့ပါတယ်။

             သီချင်းရဲ့အဓိပ္ပာယ်ကတော့ ကိုယ့်ချစ်သူနဲ့အကြောင်းအမျိုးမျိုးကြောင့် ဝေးပြီးတဲ့နောက်မှာ အမုန်းတွေမရှိပဲ တစ်ချိန်ကအမှတ်တရတွေကိုပဲ တမ်းတနေမှာဖြစ်တဲ့အကြောင့းပေါ့။ Original music video မှာတော့ကောင်မလေးကနောက်တစ်ယောက်နဲ့ လက်ထပ်သွားတာကြောင်​့ sad ending ဖြစ်သွားတာပေါ့။ ဒါပေမယ့် သီချင်းစာသားတွေမှာတော့ တစ်ချိန်မှာပြန်ဆုံနိုင်ဖို့မျှော်လင့်နေသေးတဲ့ အငွေ့အသက်တွေကိုခံစားရပါတယ်။ 

            သီချင်းရဲ့စာသားနဲ့အဓိပ္ပာယ်ဟာ လူတိုင်းနဲ့မစိမ်းနေတဲ့အကြောင်းအရာတွေဖြစ်လို့ နှလုံးသားချင်းနီးဖို့မခက်လှပါဘူး။ 


တွေ့ဆုံကြုံကွဲလောကကြီးမှာ အကယ်၍.....


" ဝေးသွားတဲ့အခါ.... မင်းအနားမှာမောင့်ရဲ့ချစ်လိပ်ပြာ ဟိုဒီပျံဝဲလို့နေချင်တာ... ကြင်နာသူလေးရင်ထဲမှာနားခိုခွင့်ပြုပါ... ဟိုတုန်းကဒို့များရဲ့ ချိုမျက်ဝန်းလွှာ....နွေအိပ်မက်များထဲမှာ တွေ့ကြမယ်နော်သီးခြားကမ္ဘာတစ်ခုမှာ....."

              


Comments

Post a Comment