မသေပါနဲ့ မနှင်းဆီ - စစ်ငြိမ်း(part-1)
"မသေပါနဲ့ မနှင်းဆီ" ဆိုတဲ့ စာအုပ်လေးကို ဆရာစစ်ငြိမ်းထံမှ ခွင့်ပြုချက်နဲ့ page ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကလစ်ကာတို့ ဖတ်ရင်း ဖီးနိုင်ဖို့ အပိုင်းများခွဲကာ ရက်ခြား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။မြန်မြန်တင်ပေးစေချင်ရင် များများလေး ကလစ်ပေးကြနော်။ ချယ်နယ်မှာ မနှင်းဆီတင်ထားတဲ့ လင့်ကို Done 400 ရရင် နောက်နေ့အပိုင်းအသစ် ချက်ချင်းတင်ပေးမှာဖြစ်ပါတယ်။🤭)
နှင်းဆီပွင့်ပေါ် ချိတ်ဆွဲထားတဲ့ စာတစ်စောင် (သို့မဟုတ်) စာရေးသူစကား
ဒီလိုပဲ လူသားလေးတစ်ယောက် အသက်ရှင်နေတာကို မြင်ချင်ရုံသက်သက်။
အဲ့ဒီလူလေးတစ်ယောက် မနက်ခင်းတစ်ခုမယ် အိပ်ရာက နိုးလာမယ်။ ကော်ဖီနွေးနွေးလေး တစ်ခွက် သောက်မယ်။ ရုံးနောက်ကျမယ်။ သူ့တစ်နေ့တာ အလုပ်ခွင်မယ် အဆင်ပြေ ပျော်ရွှင်ချင်လည်း ပျော်ရွှင်နေမယ်။ စိတ်ညစ်ရှုပ်ထွေး ပင်ပန်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
သူ သီချင်းလေးတစ်ပုဒ်ကိုညည်းဆိုလို့ ပန်းတွေပွင့်တာကို ပေါ့ပေါ့ပါးပါး ငေးရင်လည်း ငေးနေမယ်။ တိမ်တွေ မြန်မြန်ပျံသွားတာကိုကအစ ဒေါသထွက်နေတဲ့နေ့ရက်တွေလည်း ရှိနိုင်တယ်။ သူ့မယ်လေ။
ဘာပဲဖြစ်ဖြစ် ခင်ဗျားချစ်တဲ့လူတစ်ယောက် သူ့နေ့စဥ်ဘဝကို ပုံမှန်လေးဖြတ်သန်းနေတာကို မြင်နေရတာပါပဲ။ ပြီးတော့ ဒီမြင်ကွင်းရဲ့ တန်ဖိုးက လိုအပ်ဖူးတဲ့သူမှ သိနိုင်မယ်။
ဘာပဲဖြစ်ဖြစ်ပါဗျား ကျနော်ကတော့ အဲ့ဒီလူသားလေး အသက်ရှင်လျက် သူ့နေ့ရက်တွေကို ဖြတ်သန်းနေတာကိုပဲ မြင်နေချင်တာပါ။ လူတစ်ယောက် အသက်ရှင်နေတာကို လူတစ်ယောက်က အရှင်လတ်လတ် ထိုင်ကြည့်ခွင့်ရတယ်ဆိုတာ နည်းတဲ့ကုသိုလ်လား။
“ရှေးရှေးတုန်းကတည်းက ခေတ်အဆက်ဆက် အနုပညာရှင်တွေဟာ မခင်နှင်းဆီအတွက် စိတ်ပူပေးခဲ့ရ တယ်။ ဒီလိုဆို မခင်နှင်းဆီဟာ ခေတ်အဆက်ဆက် အန္တရာယ်ကြီးနေခဲ့တာပဲ ဖြစ်ရမယ်။ ဒီနေ့ခေတ်မှာလည်း သေချင်နေတုန်းပဲလား။ မသေပါနဲ့ မနှင်းဆီ...” တဲ့။
အတွင်းထဲမယ် ကျနော်ရေးထားတဲ့ စာတစ်ပိုဒ်ပါ။
တချို့အရာတွေကလည်း ခပ်တိုတိုပဲပြောတာ ကောင်းပါတယ်။ သူ့ကို ကျနော်ပေးနိုင်တဲ့ ချစ်မေတ္တာတွေနဲ့အတူ လှလှပပလေး ရှင်သန်သွားစေချင်တယ်ပေါ့ဗျာ။ ဒါပါပဲ လိုရင်းက။ ဒီလက်ကလေး လွတ်ထွက်မသွားအောင် ကျနော် ဆုပ်ကိုင်ပါ့မယ်။
စစ်ငြိမ်း (၇. ၉. ၂၀၂၀)
_______________________________________________
မသေပါနဲ့ မနှင်းဆီ
ဒါနဲ့ ခင်ဗျားကို ကျနော် ပြောပြဦးမယ်......။ လူတွေက ဘယ်လောက်သေချင်တယ် ပြောပြော တကယ် သေကြောင်းကြံကြပြီး တကယ်လည်း သေခါနီးပြီဆိုရော တကယ် မသေချင်တဲ့ စိတ်ကလေး ပေါ်လာတတ်ကြတာပဲ.....သိလား။ အဲအချိန်ကျ သူတို့ တကယ် မသေအောင် ကြိုးစားကြတယ်။ ဒါကြောင့်..... သေကြောင်းကြံတဲ့လူတိုင်း မသေကြတာပေါ့ဗျာ....။
ကျနော် အဲ့ဒီအမျိုးသမီးပြောတဲ့ စကားတချို့ကို အကြာကြီး ငြိမ်ငြိမ်လေး ထိုင်နားထောင်နေရင်း ဖြတ်ပြောမိတာ။ သူက သူ့စကားကို ဖြတ်ပြောလိုက်လို့ အံ့သြသွားသယောင် ဖြစ်သွားပေမယ့် ကျနော်ပြောတာကိုတော့ သေချာနားထောင်နေတာ တွေ့ရတယ်။
ခင်ဗျားအနေနဲ့ ပါရာစီတမော အလုံး ၅၀ လောက်သောက်ရင် သေမှာပဲ...။ ကျနော်ထင်တာ ပြောတာနော် ... ကျနော်လည်း ဆရာဝန်မဟုတ်တော့ သေချာမသိဘူး။ ခင်ဗျားအသည်းက ကောင်းနေရင်တော့ ပမာဏများများ ပိုလိုမှာပေါ့ ...။ ဒါမှမဟုတ် ပိုနည်းနည်းနဲ့ ရရင်ရမှာပေါ့။ အဓိက,ကတော့ ခင်ဗျား တကယ်သေချင်ရင်...။ အင်း...ပြောပြမယ်ဗျာ။ လက်ကောက်ဝတ်ကို ဓားနဲ့လှီးတာမျိုးတော့ မလုပ်နဲ့...။ အဲ့ကိစ္စက မအောင်မြင်တာများတယ်...။ တကယ်တော့ အဲ့ကိစ္စက ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးတဲ့သဘောနဲ့ နာကျင်အောင်လုပ်တဲ့လူတွေပဲ လုပ်တာ...။ တကယ် မသေကြတာများတယ်...။ နာကျင်မှုနဲ့ ထွက်ပေါက်ရှာတဲ့ သဘောပေါက်ပဲဗျာ သိလား....။
ခင်ဗျား လက်ကောက်ဝတ်ကို ဓားနဲ့လှီးပြီးရင် သွေးတွေ တော်တော်လေး ထွက်လာလိမ့်မယ်...။ ပထမဆုံး ခင်ဗျား မျှော်လင့်ထားသလို နာကျင်တာမျိုးမဟုတ်ပဲ ပူခနဲတစ်ချက်ပဲ ဖြစ်သွားမယ်...။ စက္ကန့်ပိုင်းအတွင်းမှာပဲ ရေပိုက်တစ်ခုပေါက်သွားသလို ခင်ဗျားသွေးတွေရဲ့ စီးဆင်းမှုက ခင်ဗျားကို စိတ်အနှောင့်အယှက် ဖြစ်လာမယ်...။ တကယ့် သွေးထွက်သံယိုဖြစ်မှုရဲ့ မြင်ကွင်းက visual ပိုင်းအရ ခင်ဗျားကို လာနှောင့်ယှက်မယ်...။ ခင်ဗျား... အဲ့ဒီပုံစံနဲ့ ကိုယ့်ကိုယ်ကိုယ်မြင်ရရင် ကျေနပ်မယ်လို့ တွေးထားပေမယ့် တကယ်တမ်းကျ အဲ့ဒါက အော့နှလုံးနာစရာ ဖြစ်ချင်ဖြစ်လာလိမ့်မယ်... ။
စောစောက ပူခနဲဖြစ်သွားတဲ့နေရာက စပ်ဖျင်းဖျင်းဖြစ်လာမယ်...။ ခင်ဗျား ...ခေါင်းတွေမူးလာမယ်...။ တကယ်သေသွားနိုင်တဲ့ ကိစ္စတစ်ခု လုပ်မိပြီဆိုတာ သိလာမယ်...။ သေခြင်းတရားက ခင်ဗျားကို သူ့အစွယ်တွေ လာဖြဲပြမယ်။ ခင်ဗျား... တစ်ယောက်ယောက်ကို သတိတရဖြစ်လာမယ်။ အဲ့ဒီလူနဲ့ ကိစ္စတစ်ခုခု၊ အကြောင်းအရာတစ်ခုခုကို အကျေအလည် ပြောချင်လာမယ်။ ငါ့ကျမှ... ဒီလိုဖြစ်ရလား ... လို့ တွေးမိလာမယ်။ ကျနော့်စိတ်ထင် ... မသေလောက်ဘူးဗျ။ သိလား... ။ အဲ့နည်းလမ်းက မမိုက်ဘူး ...။ မလုပ်နဲ့...။
အမျိုးသမီးက သောက်လက်စ အရက်ခွက်ကို စားပွဲပေါ်ချလိုက်တယ်။ စီးကရက်တစ်လိပ် မီးညှိတယ်။ ခပ်တိုးတိုး မခိုးမခန့် ရယ်တယ်။ နောက်တစ်ကြိမ် ခပ်ဟဟ ထပ်ရယ်ပြီးနောက် ကျနော့်ဖက်ကို ခေါင်းစောင်းပြီး ကြည့်တယ်။ ပြီးတော့ ... ‘ဟုတ်တာပေါ့ရှင်...’ တဲ့။ သူပြောတယ်။ ပြီးတော့ စီးကရက်ကို သူ့ညာဖက်လက်မှာကိုင်ထားရင်း... ခေါင်းကိုမော့လို့ အသံထွက်ပြီး ရယ်တယ်။
နောက်ပြီး သူ့ရယ်နေရာကနေ အသံတိတ်သွားတယ်။ ကျနော့်ပုံကလည်း သက်တောင့်သက်သာပါပဲ။ ကျနော့်ခွက် ကုန်နေလို့ သူ့သောက်လက်စကိုပဲယူပြီး ကုန်အောင်မော့လိုက်တယ်။ မီးသတ်ထားတဲ့ စီးကရက်အတိုကို မီးပြန်ညှိလိုက်တယ်။ တကယ်တော့ ကျနော် ပြောစရာတွေ ရှိသေးတယ်ဗျ။ နည်းနည်းပေါ့....။
ဒါပေမယ့် သူကပဲ ဆက်ပြောတယ်။
အကို... ကျနော်တို့ သာမန် သူလိုကိုယ်လို ရည်းစားထာကြသလိုပဲ တွဲလို့ရမလား...။ အခုဆို ကျနော်တို့ အရက်သောက်တယ်...။ အတူအိပ်တယ်...။ သေခြင်းတရားရယ်၊ လူ့အသိုင်းအဝိုင်းကိုမုန်းတဲ့ အကြောင်းတွေရယ် ပြောကြတယ်။ အမှောင်ထဲ အဝေးကြီးတွေ ဆိုင်ကယ်မောင်းပြီး လျှောက်သွားတယ်။ အိပ်ရေးမဝလို့ ညိုမည်းနေတဲ့မျက်ကွင်းတွေနဲ့ နောက်တစ်နေ့မှာ ထပ်တွေ့ပြီး ခဏခဏ အတူထပ်နေကြတယ်...။ ပြီးရင် ကျနော်တို့က အဖော်မရှိတဲ့ သီးခြားလူလေးတွေ ထပ်ဖြစ်သွားကြပြန်ရော....။ လွန်ခဲ့တဲ့ နာရီပိုင်းက အကိုနဲ့အတူအိပ်နေခဲ့ပြီး နောက် ခဏလည်းနေရော ကျနော် နိုးလာတော့ ကျနော်က တစ်ယောက်တည်းလေ...။ တစ်ယောက်တည်း တစ်ရေးနိုးလာတဲ့ညတွေဆို ကျနော် ကြောက်တယ်။ ကျနော်က တစ်ယောက်တည်းဖြစ်နေရတာကိုလည်း ကြောက်သလို ... အကို့ကိုလည်း ကြောက်တယ်။ ငယ်ငယ်က ကျောင်းမှာ ဆရာတစ်ယောက်ရှေ့ ရောက်နေသလို ကြောက်တာ...။ အကိုနဲ့တွေ့တိုင်း နွေးထွေးပေမယ့် အကိုနဲ့ တစ်သက်လုံး အတူမနေချင်တာကလည်း ကျနော့်စိတ်ရောဂါပဲ ဖြစ်လိမ့်မယ်။
သူကတော့ သူ့အကျင့်အတိုင်း စကားတွေ အရှည်ကြီး ပြောနေတယ်။ ဒါပေမဲ့ မရတော့ဘူးဗျ ကနော် သူ့စကားကို ဖြတ်ပြောမှရတော့မယ်။ သေတော့မယ်လို့ တွေးထားတဲ့လူတစ်ယောက် နောက်ဆုံးဖုန်းခေါ်ထားတဲ့ လူက ကျနော်မဖြစ်ချင်ဘူးလေ။ ကျနော်လည်း သူပြောသလို သာမာန်နေ့စဥ်ဘဝထဲ ဒီအတိုင်းလေးပဲ ဖြတ်သန်းသွားချင်ပါတယ်။ သတိရရင် ဖုန်းခေါ်မယ်။ “ကိုယ် အရမ်းလွမ်းနေလို့ မင်းဓာတ်ပုံလေးပို့ပေးပါဦး...”လို့ ဆိုရှယ်နက်ဝက်ပေါ်ကနေ လှမ်းပြောမယ်။ အရက်လေးများမူးနေရင် voice mail နဲ့ သူချစ်တဲ့ ကိုကျားရဲ့သီချင်းလေး ဆိုပြ။ “လောကကြီးနဲ့... စိတ်ကောက်နေသူလေးရေ ...ပျော်ပါစေ... အေ အေ အေ ...” ပေါ့။ ဒီလို သူ့ကို ချော့ချင်ပါတယ်။ တကယ်လို့များ ကျနော်တို့ သေဖို့ပဲ တွေးမနေကြတဲ့ နေ့ရက်တွေမယ်ဆိုရင်ပေါ့...။
တကယ်တော့ သူက လိမ်နေတာဗျ သိလား။ သူမေးတယ်...။ သာမန်လူလေးတွေ ရည်းစားထားကြသလို တွဲကြမလား...တဲ့။ တကယ်တမ်း သူက အရှိန်ပြင်းပြင်းမောင်းလာပြီး တွေ့ကရာသစ်ပင်ကို ဝင်တိုက်ပစ်မယ့် ကားပဲ။ သူသေကိုယ်သေလေ။ အသေနော်။ အဲ့ကိစ္စက။ တိုက်မိရင် သေမှာ။ သိထားရမှာတစ်ခု။ အဲ့ဒီသစ်ပင်က ကျနော်ပဲ။
ပထမတော့ အကြာကြီး ငြိမ်နေမိကြသေးတာ။ နောက်တော့ သူရော ကျနော်ရော အရက်တစ်ခွက်ဆီ ထပ်ငှဲ့ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်...။ ရယ်ဖြစ်ကြတယ်။ စီးကရက်တွေသောက်ရင်း မီးခိုးငွေ့တွေနဲ့ တစ်ယောက်မျက်နှာကိုတစ်ယောက် မှုတ်ဖြစ်တယ်။ ခင်ဗျား ခံစားမိလား။ ကျနော်တို့က အလျော်အစားကြီးတဲ့ ကစားဝိုင်းတစ်ခုဗျ။ တစ်ယောက်ဆီတစ်ယောက် စွတ်စက်ပြီးဝင်လာဖို့ အလှူအိမ်မှ မဟုတ်တာလေ။ အဲ့လောက် မလွယ်ဘူး။
တကယ်သေချင်ရင်တော့ ကြိုးဆွဲချတာ အကောင်းဆုံးပဲ... အဲ့ဒါ အောင်မြင်ဖို့ များတယ်။ ကျနော် အဲ့လိုပြောလိုက်တာ့ သူက တော်ပါတော့ အကိုရယ်တဲ့....။
ဒါ... ကျနော်ပေးထားတဲ့ ခေါင်းစဥ်ပေါ့လေ။
မသေပါနဲ့ မနှင်းဆီ။
(၁၀. ၃. ၂၀၂၀)
Thanks
ReplyDelete🙋🤷🙇🙆
ReplyDeleteDone 💖
ReplyDeleteDone
ReplyDeleteThanks for
ReplyDeleteDone
ReplyDeleteDone 💪
ReplyDelete"အကိုနဲ့တွေ့တိုင်း နွေးထွေးပေမယ့် အကိုနဲ့ တစ်သက်လုံး အတူမနေချင်တာကလည်း ကျနော့်စိတ်ရောဂါပဲ ဖြစ်လိမ့်မယ်။" မိုက်♡
ReplyDeleteမြန်"တင်ပေးပါတော့🤒
Thanks U
ReplyDeletegood 🥰
ReplyDeleteတကယ်တော့ သူက လိမ်နေတာဗျ သိလား။ သူမေးတယ်...။ သာမန်လူလေးတွေ ရည်းစားထားကြသလို တွဲကြမလား...တဲ့။ တကယ်တမ်း သူက အရှိန်ပြင်းပြင်းမောင်းလာပြီး တွေ့ကရာသစ်ပင်ကို ဝင်တိုက်ပစ်မယ့် ကားပဲ။ သူသေကိုယ်သေလေ။ အသေနော်။ အဲ့ကိစ္စက။ တိုက်မိရင် သေမှာ။ သိထားရမှာတစ်ခု။ အဲ့ဒီသစ်ပင်က ကျနော်ပဲ။
ReplyDeleteကျနော်အကြိုက်ဆုံးအခန်းလေး😊😊
Done
ReplyDelete