Stoicism

 BC 300 လောက်တုန်းက Cyprus နိုင်ငံမှာ Zeno ဆိုတဲ့ ကုန်သည်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ Phoenicia ကနေ Peiraeus မြို့ကို ရေလမ်းနဲ့ ကုန်သွယ်ရင်း သင်္ဘောမှောက်တာနဲ့ ကြုံရတယ်။ အသက်မသေပေမယ့် ကုန်ပစ္စည်းတွေ အားလုံး ဆုံးရှုံးပြီး ချမ်းသာကြွယ်ဝတဲ့ ကုန်သည်အဖြစ်ကနေ နေ့ချင်းညချင်း ဆင်းရဲသွားပါလေရော။ အခြားလူသာဆိုရင် လောကကြီးကို မကျေမနပ်ဖြစ်ပြီး စိတ်ဓာတ်ကျသွားမှာပဲ။ ဒါပေမယ့် Stoicism ကို စတင်ခဲ့သူ Zeno ကတော့ စိတ်ဓာတ်မကျခဲ့ဘူး။ Socrates နဲ့ အခြားသော အတွေးအခေါ်ပညာရှင်တွေရဲ့ စာအုပ်တွေကို ဖတ်ပြီးနောက်မှာ Zeno ဟာ Stoicism ကို တီထွင်ခဲ့ပြီး အခြားသူတွေကိုလည်း သင်ကြားပေးခဲ့ပါတယ်။



"Stoic" ဆိုတာက နာကျင်မှု၊ ဝမ်းသာမှု၊ ပျော်ရွှင်မှု၊ သောက စတာတွေ မရှိတဲ့လူကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် Stoicism ကတော့ ခံစားချက်မရှိခြင်းဆိုတာထက် အများကြီး ပိုပြီးလေးနက်ပါတယ်။ Stoicism က ပြုပြင်ပြောင်းလဲလို့ ရမယ့်အရာတွေနဲ့ မရမယ့်အရာတွေကို ခွဲခြားတတ်ဖို့ သင်ကြားပေးတယ်။ ဘာမှမတတ်နိုင်တဲ့ အရာတွေအတွက် အချိန်ကုန်ခံမနေဘဲ တတ်နိုင်တဲ့ကိစ္စမှာ အချိန်ကို အကျိုးရှိရှိ အသုံးချရမှာပါ။ တခြားနိုင်ငံမှာ မွေးဖွားလာချင်တာတို့၊ အတိတ်က အမှားတွေအတွက် နောင်တရနေတာတို့က ပြောင်းလဲလို့ မရတဲ့ကိစ္စတွေပါပဲ။ ပန်းတိုင်ထားပြီး ကြိုးစားရုန်းကန်တာက ကောင်းပေမယ့် ပန်းတိုင်ကို မရောက်နိုင်လို့ ထိုင်ငိုနေတာကတော့ အသုံးမဝင်လှပါဘူး။


အရေးအကြီးဆုံးအချက်က အမြင်ပါ။ ကိစ္စတစ်ခုအပေါ် မြင်တဲ့အမြင်ကို ပြောင်းနိုင်ရင် ဘယ်အရာမဆို အမြင့်ကိုတက်ဖို့ လှေကားထစ်တွေပါပဲ။ ဆိုပါတော့ ခင်ဗျားက သူငယ်ချင်းတစ်ယောက်ကို ကူညီချင်လို့ အကြံတွေပေး ပေမယ့် သူက လက်မခံဘူး။ ဒါဆိုရင် ဒေါသထွက်မယ့်အစား ခင်ဗျားရဲ့ သည်းခံနိုင်မှု၊ နားလည်နိုင်မှုတွေ တိုးတက်ဖို့ အခွင့်အရေးလို့ တွေးလိုက်လို့ ရပါတယ်။ မြင်တတ်မယ်ဆိုရင် အခက်အခဲတွေဆိုတာလည်း ခင်ဗျားတိုးတက်ဖို့ အခွင့်အလမ်းတွေပဲ ဖြစ်လာမှာပါ။



Stoicism ရဲ့ exercise တစ်ခုကတော့ ကံဆိုးမှုတွေကို လေ့ကျင့်ထားဖို့ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကျေးဇူးတင်တတ်လာစေဖို့ ရည်ရွယ်တာပါ။ အိပ်ယာပေါ်မှာ အိပ်မယ့်အစား ကြမ်းပေါ်မှာ အိပ်တာ၊ ဆင်းရဲသားလို စားတာ၊ ဟောင်းနွမ်းတဲ့အဝတ်တွေ ဝတ်တာ၊ ဒါမျိုးတွေပေါ့။ ဒီလိုလေ့ကျင့်ခြင်းအားဖြင့် ဘယ်လောက်ပဲ ခက်ခဲပါစေ ဆက်လက်ရှင်သန်နိုင်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ ပြီးတော့ အနာဂတ်မှာ ကြုံတွေ့ရနိုင်တဲ့ ကံကြမ္မာအချိုးအကွေ့တွေအတွက် ကြိုတင်ပြင်ဆင်ရာလည်း ရောက်ပါတယ်။


Stoicism ဟာ ကြမ်းတမ်းမှုတွေကို ဖြတ်ကျော်ပြီး တည်ငြိမ်နိုင်အောင် ကူညီပေးတာပါ။ သင်္ဘောမှောက်ခဲ့ရင်တောင်မှ အသက်ရှင်နေသေးတဲ့အတွက် ရောင့်ရဲတင်းတိမ်တတ်လာစေမှာပါ။




Comments

Post a Comment