THE CALL OF THE WILD

 Jack London လို့ပြောလိုက်ရင် စာဖတ်ဝါသနာပါသူတွေကတော့ မသိမရှိပါဘူး။ Jack London ဟာ ဘဝမျိုးစုံကျင်လည်ခဲ့သူပီပီ သူ့ရဲ့ဇတ်ကောင်တွေဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ Jack London ရဲ့ဝတ္ထုတွေထဲမှာတော့ Call of the wild ဟာ နာမည်အကြီးဆုံး လက်ရာတစ်ခုပေါ့။ 'အရိုင်းခေါ်သံ' ဆိုတဲ့ မြန်မာပြန်လက်ရာဟာလည်း ဖတ်လို့ကောင်းတာပါပဲ။



Call of the wild ကို ရုပ်ရှင်အဖြစ်လည်း ဖန်တီးခဲ့ကြတာ version အများအပြားရှိပါတယ်။ CGI နဲ့ VFX နည်းပညာတွေ သိပ်ကိုတိုးတက်လာတဲ့ ဒီခေတ်မှာ ဖန်တီးထားတဲ့ The Call of the Wild (2020) ကတော့ ကြည့်ရတာ ဇတ်ကိုကြွလာစေပါတယ်။ ဒီရုပ်ရှင်ကို Lilo & Stich, How to Train Your Dragon စတဲ့ နာမည်ကျော် Animation Movie ပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chris Sanders ကညွှန်ကြားဖန်တီးပါတယ်။ Burk ဆိုတဲ့ ခွေးတစ်ကောင်ရဲ့ ဇတ်ဖြစ်တဲ့အတွက် animation ဇတ်ကားတွေလို လူစကားမပြောတာကလွဲလို့ Burk ရဲ့ဇတ်ရုပ်ဟာ လူတစ်ယောက်လို ဉာဏ်ရည်မြင့်နေတာကတော့ သဘာဝမကျသလိုဖြစ်တာ‌ပေါ့ ။ ဒါပေမဲ့ ရုပ်ရှင်ရဲ့ tempo ကဆွဲခေါ်သွားတဲ့အတွက် ကြည့်နေစဉ်ကာလမှာတော့ ဒါကိုမေ့နေပြီး ပြုံးစရာ၊ ရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာ ရသတွေကို Burk နဲ့အတူစီး‌မျော ခံစားကြရမှာဖြစ်ပါတယ်။


ဝါရင့်မင်းသားကြီး Harrison Ford နဲ့ အားဖြည့်ထားပေမဲ့ အဓိကဇတ်ကောင်ကတော့ Burk ဆိုတဲ့ ‌အလုံးအထည်ထွားကြိုင်းတဲ့ ခွေးကြီးတစ်ကောင်ဖြစ်ပါတယ်။ အိမ်မွေးခွေး Burk ဟာ ခိုးယူရောင်းစားခံရပြီး ရေခဲပြင်‌ဒေသမှာ စွပ်ဖားဆွဲခွေးတစ်ကောင် ဖြစ်လာပါတယ်။ ရေခဲပြင်ခရီးတစ်ခုမှာ သခင်ရဲ့ မညှာမတာခိုင်းစေမှုကြောင့် Burk ဟာသေလုလုပင်ပန်းနေချိန်မှာ Thornton (Harrison Ford) ဆိုတဲ့ လူတစ်ဦးက ကယ်တင်ပြီး ပြုစုပေးလို့ ပြန်ပြီးနေကောင်းလာပါတယ်။ 

Thorton နဲ့ Burk ဟာ သံယောဇဉ်တွယ်လာပြီးတော့ Thorton ဟာ လူတွေမရောက်ဘူးသေးတဲ့ နယ်မြေသစ်ကို ရွှေရှာဖို့ Burk နဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ 



အဲဒီခရီးမှာ သူတို့ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေရသလဲ။ Burk ရဲ့ အရိုင်းဗီဇဟာ ဘယ်လိုနိုးကြွလာခဲ့သလဲ။ သူတို့ဟာ ရွှေတွေရှာတွေ့သွားခဲ့သလား။ ‌ခမ်းနားလှပတဲ့ ရေခဲပြင်ရှုခင်းများနဲ့ The Call of the Wild ကို ကြည့်ရှုခံစားဖို့ လက်တို့လိုက်ပါတယ်နော်။

Comments

Post a Comment