Blobfish အကြောင်း



Blobfish



အခုမြင်​နေရတာက​တော့ (၂၀၁၃) ခုနှစ်တုန်းက ရုပ်အဆိုးဆုံးသတ္တဝါအဖြစ် ဗိုလ်စွဲခဲ့တဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ အခုအချိန်အထိလည်း ရုပ်အဆိုးဆုံးဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်ထားဆဲပါပဲ။ ကုန်းပေါ်မှာရှိနေရင် သူ့ပုံစံက ဂျယ်လီသဖွယ်ဖြစ်နေပြီး၊ လူတစ်ယောက် မဲ့နေတဲ့ရုပ် ပေါက်နေပါတယ်။ ဒါပေမယ့် သူတို့ နေထိုင်ကျက်စားရာဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင်အောက် ပေ (၃၂၀၀) လောက်မှာဆိုရင်တော့ ဒီလောက် ရုပ်မဆိုးပါဘူး။ သူတို့တွေက ပင်လယ်ရေမျက်နှာပြင်မှာရှိတဲ့ လေဖိအားထက် အဆပေါင်း (၁၂၀) လောက် ပိုများတဲ့နေရာမှာ နေထိုင်ကျက်စားကြတာဖြစ်ပါတယ်။။



ဒီငါးတွေက တစ်ပေအထိ ရှည်ကြပါတယ်။ Australia နဲ့ Tasmania ကမ်းရိုးတန်းတလျှောက်က ရေနက်ပိုင်းနဲ့ New Zealand ရေပိုင်နက်တွေမှာ တွေ့ရတတ်တယ်။ Blobfish ​တွေရဲ့ ခန္ဓာကိုယ်မှာ ရေပမာဏ အများကြီးပါဝင်လို့ ပျော့ဖတ်ဖတ်ပုံပေါက်နေပါတယ်။ အရေပြားအောက်မှာတော့ ရေထက်သိပ်သည်းဆနည်းတဲ့ ဂျယ်လီလို ပျစ်ခဲခဲအလွှာအထူကြီးရှိနေတယ်။ အဲဒါကြောင့် ပင်လယ်ကြမ်းပြင်နားမှာ ကူးခတ်စရာမလိုဘဲ မျောနေနိုင်တာဖြစ်ပါတယ်။ Blobfish တွေမှာ ရေယက်မပါပါဘူး။ ရေယက်ပါတဲ့ ငါးတွေက ရေယက်ထဲကို လေထည့်သင့်တဲ့အခါထည့်၊ ထုတ်သင့်တဲ့အခါ ထုတ်ပြီးတော့ buoyancy ကို လိုသလို ညှိနိုင်ပါတယ်။ Blobfish လို ရေနက်ပိုင်းမှာနေတဲ့ ငါးတွေကျတော့ buoyancy မလိုအပ်တဲ့အတွက် ရေယက်မပါပါဘူး။



Blobfish တွေက ရေသိပ်မကူးတော့ သားကောင်ဖမ်းနည်းရယ်လို့လည်း သီးသန့်မရှိပါဘူး။ သားကောင်ကို ထိုင်စောင့်နေကြတာပါ။ မလှုပ်ရှားတဲ့အတွက် ကြွက်သား သုံးစရာလည်း မလိုပါဘူး။ ဒါကြောင့် ဘလော့ငါးက ကြွက်သားလည်း သိပ်မရှိပါဘူး။ သားကောင် အနားကဖြတ်သွားရင် ဆတ်ခနဲ ရှေ့တိုးပြီး အကောင်လိုက် မျိုချလိုက်တာပါ။



Blobfish တွေက မျိုးတုံးမှာ စိုးရိမ်ရတဲ့အနေအထားကို ရောက်နေပါပြီ။ အကြောင်းကတော့ သိမ်းကျုံးငါးဖမ်းမှုတွေကြောင့်ပါ။ ဂဏန်း၊ ပုဇွန်နဲ့ တခြားငါးတွေကို ဖမ်းတဲ့အခါ မဆိုင်တဲ့သတ္တဝါတွေ အများကြီး ပါလာတတ်ပါတယ်။ Blobfish တွေလည်း အဲဒီလို ပါလာရာကနေ မျိုးတုံးသွားနိုင်တဲ့ အခြေအနေဖြစ်လာရတာပါ။



ဒီနေ့တော့ ထူးထူးဆန်းဆန်းပုံသဏ္ဍာန်ရှိတဲ့ blobfish အ​ကြောင်း ​ပြောပြခဲ့ပါတယ်။ ​နောက်ထပ်​နောက်ထပ် ဗဟုသုတရစရာ​တွေကို ဖတ်ရှုဖို့အတွက် Click for Revolution page လေးမှာ ဝင်ကလစ်ရင်း စောင့်မျှော်ပေးကြပါဦး။




Comments

Post a Comment