မသေပါနဲ့ မနှင်းဆီ - စစ်ငြိမ်း (part - 6)

 

"မသေပါနဲ့ မနှင်းဆီ" ဆိုတဲ့ စာအုပ်လေးကို ဆရာစစ်ငြိမ်းထံမှ ခွင့်ပြုချက်နဲ့ ပေ့ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကလစ်ကာတို့ ဖတ်ရင်း ဖီးနိုင်ဖို့ အပိုင်းများခွဲကာ ရက်ခြား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။မြန်မြန်တင်ပေးစေချင်ရင် များများလေး ကလစ်ပေးကြနော်။ 




ကျနော် ခင်ဗျားကို မခေါ်ပါဘူး မနှင်းဆီ



ဒီနေ့ မနက်အစောကြီးနိုးလာတယ်။ ခြံထဲက ယုဇနပင်လေးပွင့်ပြီး အဲ့ဒီအပင်လေးရဲ့ ပထမဆုံးပန်းတစ်ပွင့် ပွင့်တာလေ။ ပြီးရင် ပထမဆုံးကြွေတဲ့ အပွင့်လည်း ဖြစ်ရပြန်ဦးမယ်။ အခုဆို ကျနော်က ပန်းကလေးတွေ ပွင့်တာပဲ ထိုင်ကြည့်ချင်တော့တာ မနှင်းဆီ။ လူတွေက ရက်စက်တယ်၊ ကျနော် ခင်ဗျားကို မခေါ်ပါဘူး။


ကျနော်က ဟန်မဆောင်တတ်ဘူး မနှင်းဆီ။ မကြိုက်တဲ့စကား ကြားရရင် မျက်နှာက ကွက်ခနဲ ချက်ချင်းပျက်တတ်တယ်။ ကျနော်နာကျင်ရတဲ့ အကြောင်းအရာတွေ၊ စကားလုံးတွေ၊ အပြုအမူတွေ၊ သိရ ကြားရ၊ မြင်ရရင် လေသံက ချက်ချင်းမာတတ်တယ်၊ ချက်ချင်းတုန့်ပြန်တတ်တယ်။ ကျနော့်အပေါ် အေးစက်တယ်ထင်ရင် ဆောက်တည်ရာမရနဲ့ ချက်ချင်း အမူအယာပျက်တတ်သေးတယ်။


ကျနော်က လူတွေကို လိမ်မာပါးနပ်စွာ မကိုင်တွယ်တတ်ဘူးလို့လည်း ခင်ဗျား ထင်ချင်ထင်လိမ့်မယ်။ ဟုတ်ပါတယ် မနှင်းဆီ။ ကျနော်က ကျနော်ချစ်တဲ့လူတစ်ယောက်ကို ပိုပြီးတော့ အဲ့ဒီလို မကိုင်တွယ်တတ်ဘူး။ ကိုယ် ချစ်နေပါတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ရှေ့မှာဆိုရင် ပိုပြီးတော့ ပါးပါးလျလျလေး နေမပြတတ်တော့ဘူး။ ကိုယ်ချစ်ရတဲ့လူကိုဆိုရင် ပိုပြီးတော့ကွာ ဟန်မဆောင်နိုင်တော့ဘူး။ ကျနော့်ခံစားချက်တွေက မျက်နှာပေါ်နဲ့မျက်ဝန်းတွေထဲမယ် ချက်ချင်းကို ပေါ်လာတာက သူ့အလိုလိုပဲ။ ဘယ်လိုမှ ထိန်းလို့မရဘူး။


ခင်ဗျားကတော့ ကျနော်ဟာ ရန်လိုတတ်ပြီး တခြားလူတစ်ယောက်ကိုလည်း အမြဲတမ်းလိုအပ်နေတဲ့သူ ... လို့ ထင်မှာပဲ။ အလိုဆန္ဒတွေ များမြောင်လိုက်တာ ... လို့ ထင်ချင်ထင်မှာပဲ။ မလိုအပ်ပဲ ထထလောင်မြိုက်နေတတ်တယ် ... လို့ ထင်မှာပဲ။ ကျနော်လည်း ကိုယ့်ပျော်ရွှင်မှုဟာ အခြားလူတစ်ယောက်အပေါ် မှီတည်နေရတာ အန္တရာယ်ကြီးမှန်း သိတာပေါ့ဗျာ။

ဒါပေမယ့် ...။


ရိုးသားချင်ပါတယ် မနှင်းဆီ “ကျနော် ခဏခဏ စိတ်ဆိုးရလိမ့်ဦးမယ်..”။


ကျနော် ခင်ဗျားကို မခေါ်ပါဘူး၊ ဒါ စိတ်ကောက်လို့ရေးတဲ့စာပါ၊ မသိမှာစိုးလို့။


အခုတော့ ကျနော်ရေးခဲ့ဖူးတဲ့စာတွေထဲကလို မိုးတွေရွာနေတယ် မနှင်းဆီ။ အင်း ... မိုးတွေရွာနေတယ် .…. လို့ လှမ်းပြောချင်နေမိတာ။ တစ်နေ့လုံးပြန်အိပ်ပြီး ညဦးပိုင်းမှ ပြန်နိုးလာပြီးတဲ့နောက် ပတ်ဝန်းကျင်က တအားတိတ်ဆိတ်နေတယ်လို့ခံစားရတယ်။ တကယ်တော့ အသံတွေက ရှိပါတယ်။ ကျနော်ကပဲသတိလက်လွတ်နဲ့ အာရုံတွေလွင့်နေခဲ့တာ။ တကယ်တမ်းဆို လေတွေကလည်း တဖျောဖျော်တိုက်လို့၊ မိုးစက်တွေလည်း ကမ္ဘာမြေပေါ် ပြန်လာကြတဲ့ ခရီးသည်တွေလို တဖွဲဖွဲကျရောက်နေကြတယ်။


အခုတော့ ကျနော်ရေးခဲ့ဖူးတဲ့ စာတွေထဲကလို မိုးတွေရွာနေတယ် မနှင်းဆီ၊ လေတွေလည်း တိုက်နေတယ်၊ ခင်ဗျား အရင်လိုပဲ ကြောက်နေဦးမလားလို့ စိတ်ပူမိသေးတယ်။ ဒါပေမယ့် ကျနော် ခင်ဗျားကို မခေါ်ပါဘူး။


အခုဆို ထိုင်ကြည့်နေရင်း လေတွေပိုတိုက်လာတယ် မနှင်းဆီ။ လွင့်နေတဲ့ ကျနော့်အာရုံတွေဟာကျနော့်စိတ်ဆီပြန်ကပ်ပြီး အသံတွေအရမ်းဆူညံလာတယ်လို့ ခံစားနေရပြန်ပြီး ကျနော်က ကျနော့်ကမ္ဘာမှာ မူမမှန်ပဲနိုးထလို့ လူ့ပတ်ဝန်း ကျင်နဲ့လည်း အထိအတွေ့တွေ ကင်းလွတ်လို့၊ မနှင်းဆီကတော့ သူ့ကမ္ဘာသေးသေးလေးမယ် အိပ်ပျော်လို့နေတော့မယ်။ ကျနော်တို့ ဒီညလည်း အဆက်အသွယ်တွေ ပြတ်နေကြဆဲပဲပေါ့နော်။ အခုတိုက်နေတဲ့ လေတွေဟာ မနှင်းဆီအိပ်နေတဲ့ လောကဖက်အခြမ်းမယ် ဒီလောက်ထိ မကြမ်းတမ်းပဲ သူ့ဆံပင်လေးတွေ ခပ်ဖွဖွလှုပ်သွားရုံ၊ သူလန့်နိုးမသွားပဲ တစ်ချက်လောက် အေးစိမ့်သွားရုံဖြစ်ပြီး သူ့အိပ်မောကျခြင်းထဲမှာလည်း ကျနော့်ကို သတိရခြင်းတွေ နည်းနည်းပါပါစေ၊ ကျနော် လောင်မြိုက်ခဲ့မိတာတွေကိုလည်း မေ့နေပါစေပေါ့။ ဒါပေမယ့် ကျနော်ကတော့ မနှင်းဆီကို မခေါ်ပါဘူး။


ပြီးခဲ့တဲ့ရက်အချို့မှာ ကျနော်ဟာ မူမမှန်တဲ့အိပ်စက်ခြင်းတွေနဲ့ အိပ်နေခဲ့တယ်။ နေ့ရယ်ညရယ်မသိ အိပ်လိုက် နိုးလာလိုက်။ ဝေနေတဲ့ပန်းလေးတွေကို လိုက်ကြည့်လိုက် ကြွေတော့မယ့်အရာတွေကို သတိရလိုက်။ ပြန်အိပ်လိုက် ပြန်နိုးလိုက်။ အရက်တွေမူးလိုက် ထမင်းတွေစားလိုက်။ အိမ်ရှေ့မှာထိုင်နေလိုက်။ သီချင်းတွေဖွင့်လိုက် ပြန်ပိတ်လိုက်။ မိုးစက်တွေကို လိုက်သတိ ရတယ်လို့ပြောလိုက်။ တစ်ယောက်တည်း ထိုင်နေလိုက် ကြောင်လေးတစ်ကောင်ကို ပွေ့ဖက်လိုက်။ ပြတင်းတံခါးတွေ ထပိတ်လိုက် ပြန်ဖွင့်လိုက်။ ပြန်အိပ်လိုက် နိုးလာလိုက်။ စိတ်တွေဆိုးလိုက် ကိုယ့်ကိုယ်ကိုယ်တောင် မခေါ်မပြောပဲနေနေလိုက်။ စိတ်တွေပူလိုက် သူ့ဘာသာ နေချင်သလိုနေပါစေလို့တွေးလိုက်။ အဲ့လိုလေ ..။ မနှင်းဆီကော ဒီရက်ပိုင်းဘာတွေလုပ်ဖြစ်လဲဗျ။ ကျနော် သိလို့ရမလား။


ကျနော့်စိတ်ထင် ကျနော်ဟာ ခေတ်အဆက်ဆက် ဒီမနက်ကို စောင့်နေခဲ့တာပဲ ဖြစ်ရမယ်။ နှစ်ကာလတွေက အရမ်းကြာတတ်တာပဲ မနှင်းဆီ။ အခုဆိုဒီနေ့ဟာ မိုးစဲစ မနက်ခင်းတစ်ခုပဲပေါ့.. မနှင်းဆီကတော့ အရင်လိုပဲ ဖြစ်ခဲ့သမျှ အရာရာကိုမေ့ပစ်ပြီး နိုးထလာလောက်ပြီး သူ့အိမ်နားက ငှက်ကလေးတွေ အသံအကျယ်ကြီးအော်မြည်ကြရင် ငါ.. မခံနိုင်တော့ဘူးဟာ ... လို့ ပြောရင်း မောင်းထုတ်နေလောက်ပြီး သူ့အိမ်ရှေ့ဝရံတာလေးမယ် မိုးစိုခဲ့တဲ့ မြေရဲ့ရနံ့ကိုရှူရင်းစီးကရက်တစ်လိပ် သောက်နေလောက်ပြီး ကျနော်ကတော့ ဒီမနက်ကို အကြာကြီးစောင့်နေသူပါ မနှင်းဆီ။ ခင်ဗျားလည်း ခင်ဗျားကိုစောင့်နေတဲ့လူတစ်ယောက်ကို သတိရချင်ရနေမှာပေါ့။ ဘယ်လိုပဲ မာကျောချင်ဟန်ဆောင်နေပါစေ ခင်ဗျားသောက်တဲ့ စီးကရက်ရဲ့မီးခိုးငွေ့တွေထဲမယ် ကျနော့်အကြောင်းမက်တဲ့ အိပ်မက်တွေ ပါချင်ပါနေမှာပေါ့။ ကုန်ကုန်ပြောရရင် အခုလို မနက်အစောကြီးနိုးထလာတာကိုက ကျနော့်ကိုလွမ်းလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ကျနော်သိတယ်ဗျ.. သိလား။ ဒါပေမယ့်လေ... ကျနော်ကတော့ ခင်ဗျားကိုမခေါ်ပါဘူး မနှင်းဆီ။


အိပ်မက်တွေထဲမှာဆို လွင့်လို့။ အိပ်မက်တွေထဲမှာဆိုလွင့်လို့... မနှင်းဆီရေ။ မနှင်းဆီဟာ အိပ်မက်မက်တတ်သလား။ မနှင်းဆီရဲ့ အိပ်မက်ထဲမယ် ပန်းတစ်ပွင့်ကိုခူးလို့အဲဒီပန်းဟာ မနှင်းဆီကိုယ်တိုင်ပါပဲလို့ တွေးမိသေးလား။ ပြီးတော့ ကျနော် ဘာလို့ မနှင်းဆီကို စိတ်တွေကောက်နေလဲဆိုတာရော တွေးမိသေးလား။ အိပ်မက်တွေထဲမှာဆို လွင့်လို့ပေါ့ မနှင်းဆီ။ ကျနော်က မနှင်းဆီအနားပဲ စက္ကန့်တိုင်း နေထိုင်နေခဲ့တာတဲ့။ ကျနော်တို့က အိပ်မက်ထဲမှာ နီးနီးလေးပဲတဲ့။ နီးနီးလေးပဲတဲ့ မနှင်းဆီ။ ကျနော်နိုးထလာတော့တကယ်လည်းမဟုတ်ဘူး။ တကယ်လည်းမဟုတ်ဘူး မနှင်းဆီရာ။ ကျနော် ခင်ဗျားကို မခေါ်ပါဘူး။ တကယ်လည်းမဟုတ်ပဲ အိပ်မက်မက်ရတယ်လို့။ ကျနော် ခင်ဗျားကို မခေါ်ပါဘူး။


ကျနော်တော့ အခုရက်ပိုင်းမယ် အိပ်မက်တွေမက်တိုင်း ရုန်းကန်နေရတယ်။ အိပ်မက်ထဲမှာ စစ်ပွဲကြီးတွေဆီ ပျံသန်းနေရတဲ့ လိပ်ပြာဟာ ကျနော်ပါပဲလို့ သိပြီးခဲ့တဲ့နောက်ပိုင်း ကျနော်အိပ်ရတာ မပျော်တော့တာပဲ။ သတိရတယ်မနှင်းဆီ။ အရမ်းအေးစက်တတ်တဲ့ အကျင့်လေးကိုပြင်ပြီး ကျနော့်ကို ခေါ်ပါဦး။ ကျနော်ကလေ ဒီစကားကိုပြောဖို့ ခင်ဗျားနိုးလာတဲ့ မနက်ထိ အကြာကြီးစောင့်ခဲ့ရတာပါ။ အခုဆို ခင်ဗျားကမ္ဘာမှာလည်း မနက်လင်းပြီ မဟုတ်လား။ တကယ်လည်းမဟုတ်ပဲ ကျနော်နဲ့မဝေးပါနဲ့။ တကယ်လည်း မဟုတ်ပဲ ကျနော်နဲ့မနီးပါနဲ့။ ကျနော်လေ ခင်ဗျားကို အရမ်းမုန်းတာပဲ။ ဒီစကားကိုယုံရင် စိတ်ဆိုးမယ်။ မခေါ်ပါဘူးမနှင်းဆီ သိရဲ့လား၊ ကျနော့်ကို ရယ်စေတဲ့ ပုံပြင်တွေ ပြောပြပါဦး။


ကျနော်လေ ခင်ဗျားကို မခေါ်ပါဘူး၊ ဒါ စိတ်ကောက်လို့ ရေးတဲ့စာပါ၊ မသိမှာစိုးလို့။ ကြည်လင်တဲ့ မနက်ခင်းတစ်ခုမယ် အိပ်မက်တွေကနေ ကျနော်နိုးထလာတဲ့အခါ ခင်ဗျားကမ္ဘာမယ်လည်း မိုးတွေ မရွာတော့တဲ့အခါ၊ ကျနော့်

ကိုလေ အများကြီးချစ်ပေးပါဦး။ ကျနော်ကတော့ ခင်ဗျားကို မခေါ်ပါဘူး မနှင်းဆီ၊ သိရဲ့လား။

- (၂၆ - ၄ - ၂၀၂၀)

Comments

Post a Comment