မသေပါနဲ့ မနှင်းဆီ - စစ်ငြိမ်း (part 7)



"မသေပါနဲ့ မနှင်းဆီ" ဆိုတဲ့ စာအုပ်လေးကို ဆရာစစ်ငြိမ်းထံမှ ခွင့်ပြုချက်နဲ့ page ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကလစ်ကာတို့ ဖတ်ရင်း ဖီးနိုင်ဖို့ အပိုင်းများခွဲကာ ရက်ခြား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။မြန်မြန်တင်ပေးစေချင်ရင် များများလေး ကလစ်ပေးကြနော်။ 


 


သတိတရ မနှင်းဆီ


ကျနော် ခင်ဗျားကိုလွမ်းနေပါပြီမနှင်းဆီ။ ပြောပြဦးမယ်။ ကျနော်ကြားဖူးတဲ့ စကားတစ်ခွန်းက သိပ်ကြောက်ဖို့ကောင်းတာ။ နံရံတွေက ဝါးမြိုတတ်တယ်တဲ့။ ပိတ်လှောင်ခံရခြင်းဟာ စွဲလမ်းစေတတ်တယ်တဲ့။ တစ်ခါတရံ ကျနော်တို့ကိုချည်တဲ့ ကြိုးတွေက သိပ်ခိုင်လွန်းလို့မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင်က ရုန်းမထွက်ရဲတော့တာတဲ့၊ သိလား။ နံရံတွေက မြိုမချလိုက်ခင် ကျနော်တို့ ပြန်တွေ့ချင်ပါသေးတယ်။ အထိတ်တလန့်နဲ့ ပုန်းကွယ်နေထိုင်ရခြင်းကိုများ စွဲလမ်းသွားကြရင် အခြေအနေတွေက သိပ်ကြောက်ဖို့ကောင်းသွားမယ် မဟုတ်လား။ ကျနော်တို့ တွေ့ကြရအောင်လေ။


ရဲရင့်သော မနှင်းဆီ။ သေခြင်းတရားနဲ့ ငယ်ပေါင်း ကြီးဖော် မနှင်းဆီ။ တစ်ကိုယ်တည်းရှင်သန်ရခြင်း အပင်ပေါ်က တစ်ပွင့်တည်းလေးပွင့်သော မနှင်းဆီ။ ကိုယ့်ရဲ့ကိုယ်ရှူး၊ လေထုထဲ ကိုယ့်အပွင့်ကိုယ်သာ ဝတ်မှုန်ကူးခြင်းမယ် တစ်ဖက်ကမ်းခပ်သော မနှင်းဆီ၊ သူတောင် ဒီကာလရဲ့ ဆွေးမြေ့ငြိမ်သက်မှုကို မုန်းလှပါပြီတဲ့။ ဒီလိုကြားရတော့ ကျနော်ဖြစ်တည်မှုလည်း အန္တရာယ်ရှိသွားခဲ့။ တကယ်တော့ ကျနော်လည်း နံရံတွေရဲ့အပွေ့အဖက်ကို ကြိုးစားတွန်းဖယ်နေရတာ မဟုတ်လား။ ကျနော်တို့ ဝန်ခံကြရအောင် မနှင်းဆီ။ ကျနော် ခင်ဗျားကို သတိရတယ်။


လေတွေအလာမှာ ကျနော်တို့ ပြေးထွက်ကြရအောင်ပါ မနှင်းဆီ၊ ကျနော်တို့ရဲ့ခြေသံတွေကို သစ်ရွက်တွေရဲ့ ပွတ်တိုက်အော်မြည်မှုအောက် ဖွက်ထားခဲ့ကြမယ်။ လောကကြီးရဲ့ အိပ်မောကျမှုထဲမယ် တစ်ယောက်ယောက်ကတော့ တိတ်တိတ်လေးချောင်းကြည့်နေမှာပဲ။ ခင်ဗျားတို့လည်း ပြေးကြတော့လေ …. ဆိုတဲ့ သတင်းစကားကို အမူအရာနဲ့ပဲ ပြခဲ့မယ်။ ကျနော်တို့ကိုယ်ပေါ် ဖိအုပ်ထားတဲ့ ကောင်းကင်ကိုလည်း နောက်ဆုံးခွန်အားနဲ့ တွန်းလှန်ပစ်လိုက်မှား။ ဒါဟာ သိဒ္ဓတ္ထမင်းသားရဲ့ အနော်မာသောင်ကမ်းခရီးလို အရမ်းကို နောက်ဆုံးဆန်နေပြီး တိတ်ဆိတ်စွာ ဆူသံပြင်းထန်ချင်လည်း ပြင်းထန်နေမှာပေါ့။ ဒါပေမယ့် ဘယ်သူမှတော့ မသိပါစေနဲ့။ ကျနော် ခင်ဗျားကို အရမ်းသတိရနေပြီ။


တစ်ခါတရံမှာ လွမ်းတတ်ဆွေးတတ်သော မနှင်းဆီ။ မနက်ခင်းတွေမယ် တေးသီချင်းလေးတွေဆိုလို့ ကမ္ဘာမြေကို ပြုံးပြနှုတ်ဆက်တတ်ပါသော မနှင်းဆီ။ အနာတရတွေကြုံတိုင်း ဒါ ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူးလို့ တွေးတောတတ်သော မနှင်းဆီ။ သူအခုလေ အိပ်ခန်းကျဉ်းလေးထဲမှာ ဖျားနာနေပြီတဲ့။ နွေရာသီတွေလာတိုင်းလည်း မိုးရနံ့ကို ချေးငှားပြီး ပန်းတွေ ပွင့်အောင် ဖန်ဆင်းရမှာ။ ဒါပေမယ့် မနှင်းဆီအိပ်နေတဲ့ အခန်းလေးအပေါ်တော့ အဲ့ဒီမိုးတွေလည်း အရမ်းတော့ မသည်းစေချင်ဘူး။ တစ်ခုခုဆို သူ အဆင်ပြေရဲ့လားလို့ ကျနော်ပဲ ပြေးကြည့်ရမှာပဲဗျ။ လွမ်းတတ်ဆွေးတတ်သော မနှင်းဆီရေ။ ကမ္ဘာကြီးကို ပြုံးပြချစ်ခင်၊ တစ်ယောက်တည်းလည်း ပွင့်တတ်သော မနှင်းဆီရေ။ ကျနော်တို့ကြားမယ် အရေးတကြီးစကားတစ်ခွန်း ရှိပါတယ်။ ကျနော်လေ ခင်ဗျားကို အရမ်းသတိရတာပဲ။



ဒါဟာ မိုးစဲစမနက်ခင်းတစ်ခုပဲ မနှင်းဆီ။ စစ်အတွင်းမှာ အိပ်ပျော်နေတဲ့ ကလေးတစ်ယောက်လို ကမ္ဘာမြေဟာ တိတ်ဆိတ်နေတယ်။ ကျနော်တို့ လူရှင်းနေတဲ့ လမ်းမကြီးတွေအပေါ်မှာ ပြီးခဲ့တဲ့ညက ဘယ်အပွင့်တွေ ကြွေခဲ့သလဲလို့ လိုက်ကြည့်ကြရအောင်။ ကျိုးပဲ့သွားတဲ့ တချို့အကိုင်းတွေကို မေတ္တာနဲ့ ပြန်ဆက်ပေးကြရအောင်။ မုန်တိုင်းဟာ ပြီးသွားခဲ့ပေမယ့် တချို့လူတွေရဲ့ရင်ထဲမှာ ဆက်တိုက်နေဦးမှာ။ ကမ္ဘာမြေကိုယ်တိုင်ဟာ ဖျားနေတဲ့ ပန်းချီကားတစ်ချပ်ပဲပေါ့။ ကျနော်တို့သူ့ကို ချစ်ကြရအောင်လေ။


မြေကြီးကို တူးဆွလိုက်တော့ ပျောက်နေတဲ့ နေ့ရက်အချို့ကို ပြန်တွေ့တယ်။ ပြီးတော့ ကျနော် တိတ်တိတ်လေးရေးပြီး ခင်ဗျားဆီ မပို့ဖြစ်ခဲ့တဲ့ စာအဟောင်းလေးတစ်စောင်။ “ကျနော်တို့ လက်တွေ တွဲထားမှဖြစ်မယ်၊ ဒီစကားကို ရင်ထဲမှာသိမ်းပြီး ဒီစာကို ဖျက်ဆီးပစ်လိုက်ပါ၊ အခုဆို တို့တွေ မတွေ့ဖြစ်ကြတာ ဘယ်လောက်ကြာကြာ” တဲ့။ အခုတော့ ဒီစာကို ခင်ဗျားဆီ တကယ်ပို့မှဖြစ်တော့မယ်။ ကြိုးတွေက သိပ်မခိုင်ခင် ကျနော်တို့ရုန်းထွက်ကြမှပဲ။ ရုန်းထွက်ကြမယ် မနှင်းဆီ။ ကျနော် ခင်ဗျားကို လွမ်းနေပါပြီ။


အကြောက်တရားက သိပ်ပင်ပန်းတယ် မနှင်းဆီ။ အန္တရာယ်ကို တို့ထိဆော့ကစားရတာရော ကွေ့ဝိုက်ရှောင်ရှားရတာကရော ပင်ပန်းတာပါပဲ။ နောက်ပြီး အသံတွေကို မြိုချပြီး ဆွံ့အနေနေရတာရောပေါ့။ သိပ်ပင်ပန်းတာပဲ။ ကျနော်ဆိုလေ ခင်ဗျားကိုတင်မကဘူးကိုယ့်ကိုယ်ကိုယ်တောင် ပြန်လွမ်းတတ်နေပြီး လူတွေပြောကြတာ ဘယ်အရာမဆို ပြန်မရတော့မှ

ပိုတန်ဖိုးရှိတတ်တာမျိုးတဲ့။ ဟုတ်ရော ဟုတ်ရဲ့လား။ ကျနော်သိတဲ့ တချို့အရာတွေကတော့ ပြန်ရလိုက်ရင်လည်း သိပ်ပျော်စရာကောင်းနေဦးမှာ။ နှုတ်ခမ်းတွေ တုန်ရီလာတဲ့အထိငိုကြွေးပြီး ကျေးဇူးတင်ပါတယ်... လို့တဖွဖွပြောနေမိမှာ။ ကျနော်တို့ ပြန်တွေ့ကြမယ်နော် မနှင်းဆီ။


အခုပဲပြန်တွေးကြည့်မိတော့မှ ကျနော်တို့ဟာ အတိအကျကို တားမြစ်ခံထားရတာပဲ။ အတိအကျကို ခွဲခွာ ခြားနားခံထားရတာပဲ။ အတိအကျကို ဝေးကွာလွင့်စင်နေကြရတာပဲ။ တိတိကျကျတွေးကြည့်တော့မှ တိတိကျကျကို ဝမ်းနည်းဖို့ကောင်းလိုက်တာ ငုံ့ထားတဲ့ခေါင်းကို ပြန်မော့ကြည့်မိတော့ အမှောင်ဟာ နောက်တစ်ခေါက်ပြန်ရောက်နေခဲ့ပြီး ကျနော့်ကို လှမ်းခေါ်ကြည့်ပါဦး မနှင်းဆီ၊ ကျနော် ဘယ်ရောက်နေပါသလဲ။ ကျနော်ကို ရှာကြည့်ပါဦး မနှင်းဆီ၊ ကျနော် ဘယ်ပျောက်နေပါသလဲ။


တစ်ခါတရံ ကျနော်တို့ ဆာလောင်တတ်တယ် မနှင်းဆီ။ ပြီးတော့ တစ်ယောက်တည်းဆို ချမ်းနေတတ်တယ်။ ကျနော်ရှင်သန်ဖို့ ခင်ဗျားကို လိုအပ်တယ်ဆိုတာ အခုပဲ ပိုသေချာလာတဲ့အကြောင်းပေါ့။ စောစောက ပြောခဲ့သလို အကြောက်တရားက သိပ်ပင်ပန်းပါတယ် မနှင်းဆီ။ တစ်ယောက်ချင်းစီဖြစ်ဖြစ်၊ ဖြစ်နိုင်ရင် နှစ်ယောက်အတူပဲဖြစ်ဖြစ် ပြီးဆုံးသွားချင်တယ်။ ဒီစကားက တစ်ဘဝစာပူပန်မှုမျိုးနဲ့တော့ ပြောလိုက်တာ မဟုတ်ဘူး။ ဘဝအဆက်ဆက် ကျနော်တို့ ပင်ပန်းခဲ့ကြပြီးပြီမဟုတ်လား။ အခုဆို လေတွေကလည်း တိုက်နေတယ်လေ။ ကျနော်တို့ လှေပေါ်ကို တက်ကြပါစို့။


ကျနော် ခင်ဗျားကိုလွမ်းနေပါပြီ မနှင်းဆီ။ ဒီမနက်စောစောမှာပဲ အန္တရာယ်ကင်းသော လွတ်လပ်မှုဆီသွားကြမယ်။ တကယ်ယုံကြည်ချင်စရာကောင်းတဲ့ ပန်းတိုင်တစ်ခုကလည်း ရှိနေတယ်။ ဒါကို မနှင်းဆီလည်း သိပါရဲ့။ မနှင်းဆီဟာ မနှင်းဆီရဲ့ အရင်ပုံစံအတိုင်းပဲ ရဲရင့်။ ကျနော်ကလည်း ခိုင်မာစွာ ထုတ်ပိုးထားတဲ့ နှလုံးသားနဲ့ ခင်ဗျားမောရင် အိပ်စက်ဖို့ပခုံးများနဲ့။ ဆိုတော့လည်း ဒီခရီးက ဝေးတော့ဝေးတယ်မနှင်းဆီ။ ဒါပေမယ့် ကျနော်တို့ သွားကြမယ်။ စက္ကူလှေလေး ရေမစိုခင်လည်း အားစိုက်လို့ လှော်ရမယ်။ ကျနော်တို့ သွားကြပါစို့။


သတိတရပေါ့မနှင်းဆီ။ သတိနဲ့ကပ်ထားတဲ့ သတိတရပေါ့။ ကျနော်တို့ကို နံရံတွေက မြိုမချလိုက်ခင် အမြန်ဆုံးထွက်သွားကြမယ်လေ။ ဒီရက်ပိုင်းတွေမယ် ကျနော်လည်း ခင်ဗျားကို သိပ်လွမ်းနေပါပြီးမနှင်းဆီလည်း ရိပ်မိမယ်ထင်တာပဲ၊ အထိတ်တလန့်နဲ့ ပုန်းကွယ်နေထိုင်ရခြင်းတွေကိုများ စွဲလမ်းသွားကြရင် အခြေအနေတွေက သိပ်ကြောက်ဖို့ ကောင်းသွားမယ်မဟုတ်လား။


- (၂၉ - ၃ - ၂ဝ၂ဝ)

Comments

Post a Comment