World AIDS Day

 Hey guys …

ဒီနေ့ကတော့ အားလုံးသိတဲ့အတိုင်း Dec 1 ရက်နေ့ပါ။

နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ "World AIDS Day" ပါ။ဆိုတော့ ဒီနေ့ခေတ်မှာဆိုရင်တော့ HIV/AIDS ဆိုတဲ့ အသုံးအနှုန်းတွေက အရမ်းကြီးစိမ်းနေမယ့် စကားလုံးတွေတော့ မဟုတ်လောက်တော့ပါဘူး။ဟိုးအရင်ခေတ်တွေတုန်းကတော့ AIDS ရောဂါရှိတဲ့သူဆိုရင် ကိုယ်ကျင့်တရားပျက်ပြားလို့ ဖြစ်ရတယ်လို့ပဲ တွေးပြီး လူတွေကဝိုင်းဖယ်ကြဥ်ထားကြတာမျိုးတွေ ဖြစ်ခဲ့ဖူးတာပေါ့နော်။တကယ်တော့ အဲ့လိုကြောင့်ရယ်မဟုတ်ဘဲ တခြားအခြေအနေမျိုးတွေကြောင့်လည်း HIV ပိုးကူးစက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်နော်။


ဒီနေ့မှာတော့ တော်တော်များများသိကြမယ့် AIDS အကြောင်းကို အကျယ်ချဲ့မပြောတော့ဘဲနဲ့ AIDS ရောဂါကို အကောင်းဆုံးခုခံတွန်းလှန်နိုင်ခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ပြောပြပေးချင်ပါတယ်။

သူကတော့ နာမည်ကြီး အမေရိကန် basketball ကစားသမား Johnson ဆိုတဲ့သူပါ။ နာမည်အပြည့်အစုံကတော့ Earvin Magic Johnson.Jr ဖြစ်ပါတယ်။ 1959 August 14 မှာ မွေးဖွားခဲ့တဲ့ Johnson က ခုတော့ အသက် ၆၂ နှစ်ပြည့်ပြီးပါပြီ။ Johnson ဟာ 1979 အသက် ၂၀ အရွယ်မှာကတည်းက သူ့ရဲ့ basketball ကစားသမားဘဝကိုစတင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။သူဟာ National Basketball Association(NBA) ရဲ့ အဖွဲ့ဝင် "Los Angeles Lakers" အသင်းရဲ့ point guard ဆိုတဲ့ အရေးကြီးတဲ့နေရာကိုယူထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီးတော့ အသင်းနဲ့အတူ ဆုပေါင်း ၂၀ ကျော်ကို ပိုင်ဆိုင်ခဲ့ပါတယ်။


ဒါပေမယ့် 1991-1992 ရာသီကစားပွဲတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ရတဲ့အခါမှာတော့ Johnson ဟာ သူ့ဆီမှာ HIV ပိုးရှိနေတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ဆေးစစ်မှုအဖြေကို သိသိချင်းပဲ သူဟာ သူ့မှာ HIV ပိုးရှိနေတာကြောင့် ကစားသမားဘဝကနေ အနားယူတော့မယ်ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျန်းမာရေးဟုသုတသိပ်မကြွယ်ဝကြသေးတာကြောင့်မို့ သူဟာ gay တစ်ယောက်ဖြစ်လို့ HIV ပိုးကူးစက်ခံရတယ်ဆိုပြီး စွပ်စွဲမှုတွေလည်းခံခဲ့ရပါတယ်။ သူ့ရဲ့ ကြေညာချက်ကြောင့် ဝေဖန်တိုက်ခိုက်မှုများစွာကိုလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒါပေမယ့် သူဟာ 1992 မှာ ပြုလုပ်မယ့် အိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်ကိုယ်စားပြုအမျိုးသားဘက်စကတ်ဘောအသင်းရဲ့ အဖွဲ့ဝင်အဖြစ်ရွေးချယ်ခံရပြီး သူ့ရဲ့ကစားသမားဘဝကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။Johnson တို့ အသင်းဟာ 1992 အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။ ဘတ်စကတ်ဘောလောကရဲ့ အထင်ကရပြိုင်ပွဲတစ်ခုဖြစ်တဲ့ All-Star Game မှာလည်း ပါဝင်ယှဥ်ပြိုင်နိုင်ခဲ့ပြီး All-Star MVP ဆုကိုပါ ရရှိခဲ့ပါတယ်။


သို့သော်လည်းပဲ တခြားသောကစားသမားတွေရဲ့ ဆန့်ကျင်ပြောဆိုမှုတွေကြောင့် ကစားသမားဘဝကနေ တစ်ဖန်ပြန်လည်အနားယူခဲ့ရပါတယ်။နောက်ထပ် ၄ နှစ်အကြာ 1996 ခုနှစ်မှာတော့ ဘတ်စကတ်ဘောလောကကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရာသီ ၃ ခု ပွဲပေါင်း ၃၂ ပွဲ တိတိ ကစားကာ "50 greatest players in NBA history" ဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။





Johnson ဟာ သူ့မှာ HIV ပိုးရှိနေပြီ ဆိုတာကို သိခဲ့တဲ့အချိန်ကစပြီး Magic Johnson Foundation ကို တည်ထောင်ခဲ့ပြီးတော့ တခြားသော သူနဲ့ဘဝတူ AIDS ရောဂါရှိနေတဲ့သူတွေအတွက် အခွင့်အရေးတောင်းဆိုပေးတာတွေ၊ ငွေကြေးထောက်ပံ့ပေးတာတွေ စတဲ့ အကူအညီတွေ အများကြီး ပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင် United Nations (UN) ရဲ့  ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာသံတမန် အဖြစ်လည်း ခန့်အပ်ခံခဲ့ရပါတယ်။ Johnson ဟာအခု 2021 ခုနှစ်အထိ ကျန်းကျန်းမာမာရှိနေရုံတင်သာမကဘဲ Magic Johnson Entertainment ဆိုတဲ့ company 

ကိုပါ တည်ထောင်နိုင်ခဲ့ပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။


ဒီတော့ HIV ပိုးရှိတဲ့သူတွေတိုင်းဟာ ဘဝကိုအရှုံးပေးလက်မြှောက်စရာမလိုပါဘူး။တခြားရောဂါမရှိတဲ့သူတွေလိုပဲ ဘဝမှာအောင်မြင်မှုတွေ၊ပျော်ရွှင်မှုတွေရအောင် ကိုယ်ကိုယ်တိုင်ကြိုးစားနိုင်ပါသေးတယ် ဆိုတာကို သိထားသင့်ပါတယ်နော်။

Comments

  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Post a Comment