Building Habits

 ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်ဘဲ အချိန်တွေ အဓိပ္ပာယ်မရှိ ကုန်နေရတယ်လို့ ခံစားဖူးကြလား? ကျွန်တော်တို့တွေက နှစ်သစ်ကူးမှာ အကျင့်ဆိုးတွေကို ထားခဲ့ပြီး အကျင့်ကောင်းတွေ လုပ်ယူမယ်လို့ စိတ်ကူးတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒီလို မရေမရာခံစားချက်တွေ ဝင်လာတော့တာပါပဲ။ "ဒီတစ်ခါတော့ အရင်လို မနေတော့ဘူး၊ လိုချင်တာကို ရအောင်လုပ်ယူတော့မယ်" လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြောကြတယ်။ ဒါပေမယ့်လည်း လအနည်းငယ်ကြာလို့ ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာတော့ ပန်းတိုင်နဲ့ အလှမ်းဝေးမြဲ၊ ဝေးနေဆဲပါပဲ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးယူဖို့အတွက် အလေ့အကျင့်ဆိုးတွေကို ဘယ်လိုဖြတ်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ဘယ်လိုမွေးယူကြမလဲဆိုတာ ကျွန်တော် ဒီနေ့ ပြောသွားမှာဖြစ်ပါတယ်။


New York ကနေ Los Angeles ကို သွားမယ့် လေယာဉ်တစ်စီးရှိတယ်ပဲဆိုပါစို့။ လေယာဉ်မထွက်ခင်မှာ လေယာဉ်ရဲ့ direction ကို 3 degrees ပြောင်းလိုက်တယ်ထား။ ပြောင်းထားတဲ့အတိုင်း တည့်တည့်ကြီး ပျံသန်းသွားမယ်ဆိုရင် Los Angeles ကို ရောက်ရမယ့်အစား México က Tijuana မြို့နားကိုသာ ရောက်သွားပါလိမ့်မယ်။ အလေ့အကျင့်ဆိုတာကလည်း ထိုနည်းတူပါပဲ။ ကျွန်တော်တို့လုပ်ဆောင်နေကျ အလေ့အကျင့်တွေကို နည်းနည်းလေးပဲ ပြောင်းလိုက်ရင်တောင် နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ ကျွန်တော်တို့ ဘဝကို အကြီးအကျယ် ပြောင်းလဲစေပါလိမ့်မယ်။ ကျွန်တော်တို့တွေက အကြီးကြီးတွေလုပ်မှ အောင်မြင်မှုအကြီးကြီးရမယ်လို့ ထင်တတ်ကြတယ်။ ဝုန်းခနဲ တိုးတက်လာပြီး အောင်မြင်သွားမယ်လို့လည်း မျှော်လင့်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ နေ့စဉ် နည်းနည်းချင်း တိုးတက်တာတွေက စုလာပြီး ကြာလာတဲ့အခါ ကျွန်​တော်တို့အတွက် အောင်မြင်မှုကို ဆောင်ကျဉ်းလာပေးတာပါ။ တစ်ရက်ကို 1% တိုးတက်ရင် တစ်နှစ်ကြာတဲ့အခါ (37) ဆနီးပါး တိုးတက်လာမှာပါ။ တစ်ရက်ကို 1% ဆုတ်ယုတ်နေရင်တော့ လက်ဗလာနဲ့သာ ကျန်ရစ်ပါလိမ့်မယ်။ အောင်မြင်မှုရဲ့ သော့ချက်က စိတ်ရှည်မှုပဲ ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။


အလေ့အကျင့်ရှိခြင်းက ကျွန်တော်တို့ အခက်အခဲတွေကို အထူးတလည် အားစိုက်စရာမလိုဘဲ ဖြေရှင်းပေးနိုင်ပါတယ်။ လှုံဆော်မှု၊ စိတ်ဆန္ဒ၊ response၊ ရလဒ်တွေ သံသရာလည်ပြီး ထပ်ခါတလဲလဲဖြစ်နေတဲ့အခါ အကျင့်ဖြစ်လာပါတယ်။ ဥပမာပြောရရင် လှုံ့ဆော်မှုဆိုတာက ခင်ဗျား အလုပ်လုပ်နေတုန်းမှာ ပျင်းလာတယ်။ ဒီတော့ ပျင်းရိခြင်းကနေ လွတ်မြောက်ဖို့ ဆန္ဒရှိလာတယ်။ Response အနေနဲ့ ခင်ဗျား social media ကို စစ်ကြည့်လိုက်တယ်။ ရလဒ်ကတော့ ခင်ဗျား မပျင်းတော့ဘူး။ ကြာလာတာနဲ့အမျှ ရလဒ်က လှုံ့ဆော်မှုနဲ့ ဆက်နွယ်လာတတ်ပါတယ်။ Social media ကို စစ်ကြည့်နေလို့ အလုပ်မှာ ပျင်းလာတာမျိုးပေါ့။ လှုံ့ဆော်မှုဆိုတာမှာ အသံ၊ မြင်ကွင်း၊ လူ၊ နေရာ၊ ယုတ်စွအဆုံး အနံ့၊ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒီအကျင့်သံသရာကြီးကို ခင်ဗျားအတွက် အကျိုးရှိအောင် အသုံးချကြည့်ပါ။


တစ်ခါတလေမှာ မသေချာမရေရာခြင်းကြောင့် အလေ့အကျင့် မရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စာတမ်းတွေအရ လူတွေ အလေ့အကျင့်တစ်ခု မတည်ဆောက်နိုင်တာက motivation မရှိလို့မဟုတ်ဘဲ မသေချာမရေရာလို့ပါတဲ့။ "တစ်နေ့တော့ ငါ့ခန္ဓာကိုယ် ပုံကျပြီး လှလာရမယ်" လို့ ပြောဖို့က လွယ်ပါတယ်။ ဒါပေမယ့် တိကျသေချာတဲ့ အချိန်နဲ့ နေရာကို ထည့်ပြောမသွားပါဘူး။ အဲဒီလိုပြောမယ့်အစား "ညနေ လေးနာရီတိုင်း ငါ့အခန်းထဲမှာ လေ့ကျင့်ခန်းလုပ်မယ်" ဆိုတာက အလေ့အကျင့်ရဖို့ ပိုလွယ်ကူပါတယ်။


ဆုလာဘ်ကောင်းကောင်း ပေးနိုင်ရင်လည်း တစ်ခုခုလုပ်ချင်စိတ် ပိုများလာပါတယ်။ အလေ့အကျင့်တစ်ခု ပိုစွဲမြဲဖို့ဆိုရင် လုပ်ချင်တာတစ်ခုနဲ့ မလုပ်ချင်တာတစ်ခုကို တွဲလုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို ဆုချတဲ့အနေနဲ့ အကြိုက်ဆုံး tv show တစ်ပိုင်း ကြည့်တာမျိုးပေါ့။ ဒီနည်းအားဖြင့် ကိုယ်ကြိုက်တဲ့ tv show ကို ကြည့်ရဖို့ ကိုယ်မကြိုက်တဲ့ ​လေ့ကျင့်ခန်းကို ပိုလုပ်ချင်လာပါလိမ့်မယ်။


အလေ့အကျင့်တည်ဆောက်ရာမှာ ထပ်ခါတလဲလဲပြုလုပ်ခြင်းကလည်း အရေးပါပါတယ်။ တစ်ခုခုကို များများလုပ်လေ၊ လုပ်ရတာ ပိုလွယ်လာလေဖြစ်ပြီး နောက်ဆို အလိုအလျောက်ကို လုပ်ဖြစ်သွားတာပါ။ နေ့တိုင်း အိပ်ရာနိုးတာနဲ့ သွားတိုက်တာကို ကျွန်တော်တို့ ပုံမှန်လုပ်ဖြစ်ပါတယ်။ စဉ်းစားဖို့မလိုသလို သွားတိုက်ဖြစ်ဖို့အတွက် အားယူနေစရာလည်း မလိုပါဘူး။


ပြီးတော့ 2 minute rule ကို ကျင့်သုံးကြည့်ပါ။ ဥပမာ - နေ့တိုင်း စာဖတ်ဖြစ်ချင်တယ်၊ ဒါပေမယ့် အချိန်ပဲဆွဲနေမိတယ်ဆိုပါစို့။ တစ်နေ့ကို နှစ်မိနစ်ပဲ ဖတ်ဖို့ သတ်မှတ်လိုက်ပါ။ နှစ်မိနစ်ကျော်သွားတဲ့အချိန်မှာ ပျင်းရင် ရပ်လိုက်လို့ရပါပြီ။ ဒါပေမယ့် အဲဒီနှစ်မိနစ်ပြီးသွားလည်း ခင်ဗျား စာဆက်ဖတ်ဖြစ်ဖို့ပဲ များပါတယ်။ တစ်ခုခုကို အစပျိုးရတာက တကယ်တမ်း လုပ်ရတာထက် ပိုခက်ပါတယ်။ အရှိန်ရသွားပြီဆိုရင်တော့ ဆက်လုပ်ဖို့က မခက်ခဲတော့ပါဘူး။


ဒါတွေကတော့ အလေ့အကျင့်တွေ ရေရှည်မြဲနေစေမယ့် အချက်လေးတချို့ပါ။ ဒီအချက်တွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် ခင်ဗျားရဲ့ ပန်းတိုင်ကို တစ်နေ့ ရောက်စေရမယ်လို့ အာမခံပါတယ်။

Comments

  1. အခုတော့သာ ကိုယ့် career ပျောက်လို့ လမ်းပျောက်သလို ဖြစ်နေတာ။ မန်မိုရီပြန်ကြည့်မှ ကျကျမ်းသမားမို့ ဘယ်နှစ်ကမှလည်း ပလန်ရယ် မရှိခဲ့ဘူး။ ရှက်စရာပဲနော်။ 2mins rule က ကိုယ့်အတွက် ကိုက်ညီမလားမသိပေမယ့် စမ်းကြည့်ပါ့မယ်

    ReplyDelete
  2. Federal Democracy New Year 2022

    ReplyDelete
  3. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Post a Comment