နယူးကာဆယ်

 

နယူးကာဆယ်အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများ စတင်လာခြင်း...





ဇန်နဝါရီလ တစ်လလုံးဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ကာလပါ။ ယူရို သန်း ၃၀၀ကျော် ကြွယ်ဝချမ်းသာလာတဲ့ ပရီးမီးယားလိဂ်အသင်း နယူးကာဆယ်အတွက် ဘောလုံးပရိသတ်တွေ စိတ်လှုပ်ရှားစရာတွေ စတင်မယ့် အပြောင်းအရွှေ့ကာလလို့ပြောရင်လည်း မမှားပါဘူး။ 


တိုက်ရိုက်ပြောကြားထားခြင်းမရှိသည့်တိုင် နယူးကာဆယ် ပိုင်ရှင်သစ် ဆော်ဒီတွေကတော့ အနာဂတ်လမ်းကြောင်းကို ဖြည်းဖြည်းမှန်မှန်သာ သွားမှာပါ။ ကမ္ဘာကျော်တွေကို ရုတ်ချည်း ငွေပုံပေးခေါ်ယူမယ့်နည်းလမ်းထက် အသင်းကို တဆင့်ချင်း ဆွဲတင်သွားမယ့်ပုံစံကို အသက်သွင်းဖို့ပဲ ဦးတည်ထားပါတယ်။ 


သို့သော်လည်း လက်ရှိမှာ အသင်းရဲ့နိမ့်ပါးနေမှုနဲ့အတူ အမှတ်ပေးဇယား အောက်ခြေနားရောက်နေတာကြောင့် အခု ဆောင်းရာသီဈေးကွက်မှာလည်း ထိပ်တန်း ကစားသမားတွေကို ခေါ်ယူအားဖြည့်မှာတော့ သေချာပါပြီ။ လက်ရှိအချိန်မှာ အက်သလက်တီကို အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ထရစ်ပီယာနဲ့ တန်းဆင်းဇုန်ပြိုင်ဘက် ဘန်လေအသင်းက တိုက်စစ်မှူး ခရစ်စ်ဝုဒ် တို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။ နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ အသင်းနဲ့ ထိုက်သင့်သလောက် အသားကျခဲ့ပါတယ်။ နောက်ထပ်အားဖြည့်မှုအနေနဲ့ အမာခံပရိသတ်တွေရဲ့ ဆန္ဒနဲ့အတူ အသင်းရဲ့အနာဂတ်အတွက်ပါ ဟန်ချက်ညီစေမယ့် ကစားသမားသစ် ခေါ်ယူဖို့စာရင်းပြုစုထားကြောင်းကို ဘောလုံးသတင်းတွေမှာ တွေ့ရပါတယ်။ နာမည်ကျော် ဘောလုံးမီဒီယာတွေရဲ့ သတင်းရင်းမြစ်တွေအရ ဖြစ်နိုင်ချေအများဆုံး နယူးကာဆယ်ရဲ့ ကစားသမားခေါ်ယူမှုစာရင်းကို လေ့လာကြည့်တဲ့အခါ အောက်ပါအတိုင်း တွေ့ရပါတယ်။

 

                


၁။ အူစမန်နီ ဒမ်ဘီလီ


ဈေးကွက်တန်ဖိုး ယူရို ၄၅တန်းခန့်နဲ့ ဘာစီလိုနာဆီက ဝယ်ယူနိုင်ပါတယ်။ ဒဏ်ရာပြဿနာတွေကြား ရုန်းမထွက်နိုင်သေးပေမယ့် သူ့အသက်က ၂၄နှစ်သာ ရှိပါသေးတယ်။ မက်ဆီမန်ရဲ့ ဖန်တီးနိုင်စွမ်းနည်းတဲ့ ဘောလုံးအမြင်အတွက် အစားထိုးချင်စရာပါ။ ဒမ်ဘီလီဟာ ကြံ့ခိုင်မှုပြည့်နေရင် ဒေါ့မွန်မှာပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်မျှော်လင့်နိုင်ပါသေးတယ်။


၂။ ဒင်း ဟန်ဒါဆန်


ဂိုးသမားကောင်းတစ်ဦးရှာဖွေလိုတဲ့ အသင်းတိုင်းအတွက် မျက်စိကျစရာပါ။ မန်ယူမှာ နေရာမရသေးတဲ့အတွက် အပြီးသတ် ဝယ်ယူဖို့မဟုတ်တောင် အငှားနဲ့ခေါ်ယူဖို့တော့ သိပ်မခက်ခဲလှပါဘူး။ အသက် ၂၄နှစ်နဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံများနေတာကြောင့် ကာယကံရှင်သာ စိတ်ပါဝင်စားခဲ့မယ်ဆိုရင် နယူးကာဆယ်ရဲ့ ဂိုးသမားအသစ်ဖြစ်လာနိုင်ချေ များပါတယ်။


၃။ ဂျိမ်းစ် တာကောစကီး


Fantasy premier league ဆော့သူတိုင်းရဲ့ အသည်းစွဲဖြစ်ဖူးသူ ဘန်လေ နောက်ခံလူ တာကောစကီးကို ခေါ်ယူမယ်ဆို ပြောင်းရွှေ့ကြေး အလွတ်ပါ။ နောက်ခံလူတစ်ယောက်ရဲ့ အကောင်းဆုံးအသက်အရွယ် ၂၈နှစ်ဟာ အသင်းကို အကောင်းဆုံးမောင်းနှင်ပေးနိုင်မှာပါ။ 


၄။ ဂျူးစ် ကွန်ဒေး


ဈေးကွက်တန်ဖိုး ယူရို ၅၅သန်းဝန်းကျင် ပေါက်ကြေးရှိပေမယ့် ၂၂နှစ်အရွယ် တောက်မယ့်မီးခဲ တရဲရဲ လူငယ်လေးအတွက် ရင်းနှီးချင်စရာပါ။ ဆီဗီလာရဲ့ ကစားသမားအရောင်းအဝယ်ကနေ အမြတ်အစွန်းရှာလေ့ရှိတဲ့ဓလေ့ကြောင့် တန်ရာတန်ကြေးပေးရင် နယူးကာဆယ် ကစားသမားဖြစ်လာနိုင်စရာရှိပါတယ်။


၅။ ခရစ္စတီယန်ဆန်


ချဲလ်ဆီး နောက်ခံလူဟာလည်းပဲ အသက် ၂၅နှစ်သာရှိသေးပေမယ့် အသင်းကြီးမှာ အချိန်ကုန်ဆုံးခဲ့သူပီပီ ပြိုင်ပွဲကြီးအတွေ့အကြုံစုံမှုက သဘောကျစရာပါ။ သူ့အတွက်ကတော့ ချဲလ်ဆီးကိုယ်တိုင်က စာချုပ်သက်တမ်း တိုးမတိုးပေါ်လည်း မူတည်ပါ‌သေးတယ်။


၆။ ဗလန်တီနို လီဗာမန်တို 


ယိုယွင်းနေတဲ့ ခံစစ်ကို အဓိကထားပြုပြင်မယ့် နယူးကာဆယ်အတွက် အဝယ်စာရင်းမှာ နောက်ခံလူတွေ အများစု နေရာယူထားတာ သိပ်တော့မဆန်းပါဘူး။ အနာဂတ်အတွက်ပါ စဉ်းစားနေတဲ့ ဘုတ်အဖွဲ့အတွက် ၁၈နှစ်သား ဆောက်သမ်တန် လူငယ်လေးကို ခေါ်ဈေး ယူရို ၃၅သန်း ပေးမလားဆိုတာလည်း စိတ်ဝင်စားစရာပါ။


၇။ သီအို ဟာနန်ဒက်


၂၄နှစ်သား အေစီမီလန် ဘယ်နောက်ခံလူ ဟာနန်ဒက်ဟာ ကလပ်အသင်းခြေစွမ်း ကောင်းမွန်နေရုံသာမက ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာပါ ပြင်သစ်အတွက် ခြေစွမ်းပြမှုက အသိအမှတ်ပြုစရာပါ။ ယူရို ၄၅သန်းလို့ သတင်းမီဒီယာတွေက တန်ကြေးသတ်မှတ်ထားပါတယ်။


၈။ ဖရန့် ကက်စီး


အေစီမီလန် အသည်းကျော် ကွင်းလယ်လူ ကက်စီးကိုကော နယူးကာဆယ် စိတ်ဝင်စားနေသည့်တိုင် အရခေါ်နိုင်ပါ့မလား။ ယူရို သန်း၅၀ ဝန်းကျင် အသုံးပြုရနိုင်ပေမယ့် အသက် ၂၄နှစ်အရွယ်သာရှိသေးတာကြောင့် နယူးကာဆယ်ဘက်က စိတ်ဝင်စားတာ သေချာပါတယ်။ စီးရီအေကခြေစွမ်းအတိုင်း ပရီးမီးယားလိဂ်ကို သယ်ဆောင်လာနိုင်ရင်တော့ အင်မတန်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာမှာပါ။


၉။ အလက်ဇန်းဒါး အိုင်ဆက်


ယူရိုပြိုင်ပွဲမှာ ဆွီဒင်အတွက် ခြေစွမ်းပြခဲ့တဲ့ ဆိုစီဒက် လူငယ်တိုက်စစ်မှူး အိုင်ဆက်ကို မျက်စိကျနေတဲ့ အသင်းတွေ အများကြီးပါ။ အနာဂတ်စီမံကိန်း တောင့်တင်းတဲ့ နယူးကာဆယ်ကို အိုင်ဆက် ရွေးချယ်မလားဆိုတာက စောင့်ကြည့်ရမှာပါ။ အသက် ၂၂နှစ်သာ ရှိသေးတာကြောင့် ဈေးကွက်တန်ဖိုး ယူရို ၃၅သန်းကျော်ကို နယူးကာဆယ် အသုံးပြုဖို့များပါတယ်။


၁၀။ ဂွန်ကာလို ဂူဒက်စ်


ဗလင်စီယာ တိုက်စစ်ကစားသမား ဂူဒက်စ်ဟာလည်း အသက် ၂၄နှစ်သာ ရှိပါသေးတယ်။ ပေါ်တူဂီသား ဂူဒက်စ်ရဲ့ ကစားဟန်ဟာ ပရီးမီးယားလိဂ်နဲ့လည်း အံဝင်ခွင်ကျဖို့လွယ်ကူတာကြောင့် နယူးကာဆယ် ကြိုးပမ်းနိုင်ချေရှိပါတယ်။ 


၁၁။ အီယာဂို အက်စ်ပက်စ်


အက်စ်ပက်စ်က အသက် ၃၄နှစ်ရှိပြီဖြစ်တာကြောင့် အနာဂတ်စီမံကိန်းမှာ မပါသည့်တိုင် လက်ရှိ ရာသီအတွက် အသင်းကို ပြန်ဆွဲတင်ဖို့ရာ လိုအပ်ပါတယ်။ လီဗာပူးမှာ လာကစားစဉ် မအောင်မြင်ခဲ့ပေမယ့်လည်း သူ့ရဲ့ အတွေ့အကြုံ၊ ခြေစွမ်းတို့ဟာ နယူးကာဆယ်ကို ရာသီကုန်မှာ အလယ်အလတ်တစ်နေရာပြန်ရဖို့ ကူညီနိုင်မှာပါ။


၁၂။ ဒီယေဂိုကားလို့စ်


ဆီဗီလာအသင်းရဲ့ အဓိကနောက်ခံလူနောက်တစ်ယောက်ပဲဖြစ်ပါတယ်။ ဂျူးစ်ကွန်ဒေ ရဲ့အတူအတွဲညီညီခြေစွမ်းပြနိုင်ခဲ့ပြီး ခံစစ်နေရာမှာ ခေသူမဟုတ်တာကြောင့် လက်ရှိအားနည်းနေတဲ့ ကာဆယ်နောက်တန်းအတွက် အကျိုးရှိတဲ့ ဝယ်ယူမှုဖြစ်လာမှာပါ။ 


၁၃။ ဂျက်စီ လင်ဂက်


မန်ယူ ကွင်းလယ်လူ လင်ဂက်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံကြွယ်ဝနေတာကြောင့် နယူးကာဆယ်အတွက် သင့်တော်မှာပါ။ မန်ယူကနေ ဝက်စ်ဟမ်းကို ထွက်ကစားချိန် လင်ဂက်ရဲ့ခြေစွမ်းကို တွေ့မြင်ခဲ့ပြီးဖြစ်တာကြောင့် ခေါ်ယူမယ်ဆိုရင် ရောင်းမှားဝယ်မှားဖြစ်နိုင်ချေ နည်းပါတယ်။ လက်ရှိအချိန်မှာလည်း သဘောတူညီမှုရရှိဖို့ အသံအထွက်ဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။


၁၄။ ဂျိမ်းစ် ဝက်ဒ်ပရောက်စ်


ဆောက်သမ်တန်ရဲ့ ၂၆နှစ်သား ကွင်းလယ်လူ ဝက်ဒ်ပရောက်စ်ကို ဘောလုံးပရိသတ်တိုင်း သူ့ရဲ့ အလွတ်တည်ကန်ဘောတွေနဲ့အတူ သိကြပါတယ်။ ဖရီးကစ်သွင်းဂိုး ၁၄ဂိုးအထိရှိနေတဲ့ သူ့အတွက် အသင်းမှာ သင့်လျော်တဲ့နေရာလွတ်တွေ ရှိနေပါတယ်။ 


၁၅။ သော်ဂန် ဟာဇက်


တိုက်စစ်နေရာ ၃နေရာလုံး ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ‌ဟာဇက်ဟာလည်း ဒေါ့မွန် ကစားသမားဖြစ်နေတာကြောင့် အရည်အသွေးပိုင်း စိတ်ချရပါတယ်။ အသက် ၂၈နှစ်ရှိပြီဖြစ်ပေမယ့် ဈေးကွက်တန်ဖိုး ယူရို ၂၄သန်းကျော်နဲ့ ကြိုးစားခွင့်ရှိနေတာကြောင့် နယူးကာဆယ်တိုက်စစ်မှာ ခေါ်ယူချင်စဖွယ် ကစားသမားတစ်ယောက်ပါ။

Comments

Post a Comment