မဖဲဝါ

 မဖဲဝါ




      မဖဲဝါနဲ့ သူမရဲ့အစ်ကို အင်းသူကြီးကိုစံဖဲတို့ဟာ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာရှိတဲ့ တံငါရွာလေးမှာနေထိုင်ခဲ့ကြပါတယ်။ အသားညိုညို၊ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ကိုစံဖဲဟာ သူ့နှမဖြစ်သူမဖဲဝါကို အရမ်းချစ်တာမို့ သူ့အင်းကနေ ငါးရောင်းရတိုင်း သူ့နှမအတွက် အကျင်္ီထဘီအသစ်များ ဝယ်ပေးလေ့ရှိပါတယ်ဗျ။ မဖဲဝါကလည်း သူ့အကိုရဲ့ ငါးဒိုင်နေရာမှာ စာရင်းမှတ်ပြီးကူလေ့ရှိပါတယ်။


      ကိုစံဖဲရဲ့ အင်းဟာ ငါးအရများတာကြောင့် ဝင်ငွေလည်းအရမ်းကောင်းပါတယ်ဗျ။ သူ့ရဲ့ အကုသိုလ်ဟာဘယ်လောက်ကြီးလဲဆိုရင် ရွှေတိဂုံဘုရားကို  ရွာလုံးကျွတ် ရွှေသင်္ကန်းကပ်ဖို့သွားတာတောင် ကိုစံဖဲတစ်ယောက်ကတော့ မျက်စိရှေ့မှာရှိတဲ့ စေတီတော်ကြီးကို မမြင်နိုင်ခဲ့ဘူးလို့သိရပါတယ်။ ဒီလိုနဲ့ ရွာကို ပြန်ရောက်လာပြီးနောက် ကိုစံဖဲဟာ ရွှေတိဂုံဘုရားကို မဖူးနိုင်ခဲ့တဲ့ သူ့ကံတရားကိုစိတ်နာသွားပြီး အင်းထဲမှာပဲနေပြီး အရက်တွေသာ လွှတ်သောက်ပါတော့တယ်။


       နောက်တော့ ဘုရားကို ရွှေချဖို့စီစဉ်ထားတဲ့သူ့ရွှေတုံးတွေကို အရည်ကျိုပစ်လိုက်ပြီး သူ့အင်းထဲမှာစိုက်ထားတဲ့ တိုင်တွေကို ရွှေချလိုက်ပါတော့တယ်။

ကိုစံဖဲဟာ သူ့အင်းနားကို အကပ်မခံရုံသာမက ထမင်းချိုင့်လည်းအပို့မခံတော့ပါဘူး။ ဒီ့နောက်မှာတော့ သူတို့ရွာဝန်းကျင်တစ်လျှောက်မှာ အင်းသူကြီးကိုစံဖဲ အင်းထဲကငါးတွေကို အစိမ်းလိုက်စားနေတယ်လို့ နာမည်ကြီးလာပါတယ်။

 

        ဒီလိုနဲ့တစ်ဖြေးဖြေး လူစိတ်ပျောက်လာတဲ့ကိုစံဖဲဟာ အင်းပတ်ဝန်းကျင်မှာရှိတဲ့တောထဲက တောကောင်တွေကိုဖမ်းပြီး အစိမ်းသတ်စားတဲ့အခြေအနေကိုပါ ရောက်သွားပါတော့တယ်။ ဇနီးနဲ့ သားသမီးတွေကို မမှတ်မိရုံမက တစ်ဦးတည်းရှိတဲ့နှမလေးမဖဲဝါကိုပါ မေ့သွားတဲ့ ကွင်းပိုင်ကြီးကိုစံဖဲဟာ ဖုတ်ကောင်တစ်ကောင်နဲ့ မခြားတော့ပါဘူး။ ကွင်းပိုင်ကြီးဟာ အင်းနားကပ်တဲ့ရွာသားအချို့နောက်ကိုလည်း လိုက်လံဖမ်းဆီးလေ့ရှိပါတယ်။


      တစ်ဖြေးဖြေးနဲ့ အင်းနားကို ဘယ်သူမှမကပ်ရဲတော့တာကြောင့် ကိုစံဖဲဆီကို မဖဲဝါကပဲ ထမင်းသွားပို့ဖို့ပြင်ရပါတော့တယ်။ ဘယ်သူဘာပြောပြော မဖဲဝါကတော့ သူ့အစ်ကိုဖြစ်သူ သူ့ကိုမှတ်မိမယ်လို့သာ တစ်ထစ်ချ ယုံကြည်နေပါတော့တယ်။ ဒီလိုနဲ့ နောက်နေ့မနက်လင်းအားကြီးအချိန်မှာ မဖဲဝါတစ်ယောက်  ထမင်းထုတ်တွေပြင်ပြီး အကိုဖြစ်သူဆီ ထွက်လာခဲ့ပါတယ်။


      ဒါပေမယ့် မဖဲဝါထင်ထားခဲ့သလို ကိုစံဖဲကို သူ့ကို မမှတ်မိတော့ပါဘူး။ မဖဲဝါ အင်းစပ်က တောထဲကိုရောက်တဲ့အချိန်မှာပဲ ငါးခုတ်ဓားမကြီးကို ကိုင်ထားတဲ့ ကိုစံဖဲဟာ သူ့နောက်ကနေ ခုန်ထွက်လာပါတော့တယ်။ ဒီ့နောက်မှတော့ ကိုစံဖဲဟာ သူကိုယ်တိုင်ဝယ်ပေးထားတဲ့ ပါတိတ်အဝါရောင်လေးဝတ်ထားတဲ့ သူ့ညီမဖြစ်သူကို တောကောင်အမှတ်နဲ့ လိုက်ဖမ်းပါတော့တယ်။ မဖဲဝါလည်း သူ့ကိုယ်သူ မဖဲဝါဖြစ်ကြောင်း ကိုစံဖဲညီမဖြစ်ကြောင်း အော်ရင်း ပြေးရပါတယ်။


       ကွင်းပိုင်ကြီးဖြစ်နေတဲ့အပြင် သားစိမ်းငါးစိမ်းစားထားတဲ့အရှိန်တွေကြောင့် သာမန်လူတွေထက် လူကောင်ကြီးမားပြီး လွှတ်အပြေးသန်နေတဲ့ကိုစံဖဲလက်ကနေ မဖဲဝါဘယ်လိုမှမလွတ်တော့ပါဘူး။ သူမဟာပြေးရင်းပြေးရင်းနဲ့ ရွာနဲ့ တောစပ်ကြားက သချိုင်းကိုရောက်လာပါတော့တယ်။ ဒီအချိန်မှာပဲ အကုသိုလ်အဟုန်ကြောင့် ညီမဖြစ်သူကိုတောင် မမှတ်တော့တဲ့ ကိုစံဖဲရဲ့ ဓားမဟာ မဖဲဝါရဲ့လည်ဂုတ်ပေါ်ကို ကျလာပါတော့တယ်။


        ဒီအချိန်ရောက်မှပဲ ကွင်းပိုင်ကြီးကိုစံဖဲဟာ အသိစိတ်ပြန်လည်ပြီး သူ့ညီမဖြစ်သူကိုသတ်မိကြောင်း မှတ်မိတော့တယ်။ အခါနှောင်းကာမှ မှတ်မိတဲ့ ကိုစံဖဲဟာလည်း သူ့ကိုယ်သူ ယူကျိုးမရဖြစ်ပြီး အလောင်းကောင်ကိုဖက်ရင်း ငိုကြွေးနေပါတော့တယ်။ မကြာခင်မှာပဲ ရွာသားတွေရောက်လာတာကြောင့် ညီမဖြစ်သူကိုထားခဲ့ပြီး ကိုစံဖဲလည်း သူ့တောထဲကိုပြေးဝင်သွားပါတော့တယ်။


       ဒီလိုနဲ့ တစ်ပတ်ခန့်ကြာတဲ့အခါမှာ မဖဲဝါရဲ့ ဝိဉာဉ်ဟာ ဗားမဲ့ဆရာတော်ဘုရားဆီကို ရောက်လာပါတော့တယ်။ မဖဲဝါက သူမနေစရာမရှိကြောင်းပြောပြီး ဆရာတော့်ဆီကနေစရာတောင်းတဲ့အခါမှာ ဆရာတော်ကလည်း သူမ သေဆုံးခဲ့တဲ့ သုဿန်မှာပဲနေဖို့ အမိန့်ပြန်လိုက်ပါတယ်။ မဖဲဝါဟာ သားငါးရောင်းချအသက်မွေးခဲ့သော်လည်း သူဟာဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။


       ဒါကြောင့်  င်္သချိုင်းကိုစောင့်ရပေမယ့် တန်ခိုးကြီးတဲ့ နတ်စိမ်းသဖွယ်ဖြစ်ပြီး ဒီသင်္ချိုင်းကနေ စတင်ခဲ့တဲ့သူမရဲ့ အာဏာစက်ဟာ မကြာမီနှစ်များအတွင်းမှာပဲ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သင်္ချိုင်းတိုင်းစီကိုပြန့်နှံ့သွားပါတော့တယ်။ လပြည့်လကွယ်ညတွေမှာ သစ်သားအခေါင်းကြီးတစ်လုံးကိုထမ်းရင်း ထဘီအဝါကို ရင်လျားကာ မြို့ရွာအနှံ့လှည့်ပတ်သွားလာနေတတ်တဲ့ မဖဲဝါရဲ့အတိတ်ဟာ မလှပခဲ့ပါဘူး....


Comments

Post a Comment