Ko Gyi Kyaw

ကိုကြီးကျော်



       ပုဂံခေတ် အေဒီ(၇၃၄)ခုနစ်မှာ ထီးနန်းစိုးစံခဲ့တဲ့ သိန်းခိုမင်းကြီးမှာ စည်သူ၊ ကျော်စွာနဲ့ ရွှေလောင်းဆိုတဲ့ သားတော်သုံးပါးရှိခဲ့ပါတယ်။ စည်သူနဲ့ ကျော်စွာသားတော်နှစ်ပါးကို ရွှေကိုင်းမိဖုရားက ဖွားမြင်ပေးခဲ့တာဖြစ်ပြီး ရွှေလောင်းသားတော်ကို တောင်နန်းစံမိဖုရားဖြစ်သူက မွေးဖွားခဲ့တာပါ။ ဒီအခါမှာ သိန်းခိုဘုရင်ကြီးဟာ ထီးနန်းအရိုက်အရာပေးဖို့အခက်ကြုံနေရပါတော့တယ်။



       တစ်ခါမှာတော့ လက်အောက်ခံမြို့ရွာတစ်ချို့မှာ ဆူပူနေတဲ့အတွက် နှိမ်နင်းပေးဖို့ သိန်းခိုမင်းကြီးက စည်သူနဲ့ ကျော်စွာကို စေလွှတ်ခဲ့ပါတယ်။ သားတော်တွေစစ်တိုက်နေချိန်မှာပဲ သိန်းခိုမင်းကြီး အသည်းအသန်နေမကောင်းဖြစ်တာကြောင့် မသေခင်ထီးနန်းလွှဲဖို့အတွက် အနီးမှာရှိတဲ့ ရွှေလောင်းမင်းသားကို အိမ်ရှေ့စံအရာအပ်နှင်းလိုက်ပါတယ်။


       ဒီလိုမျိုး သားတော်ကြီးတွေမရှိခင် မည်သူနဲ့မှ မတိုင်ပင်ဘဲ ကိုယ့်ဆုံးဖြတ်ချက်အတိုင်းထီးနန်းလွှဲပေးခဲ့တာကို ရွှေကိုင်းမိဖုရားကြီးကလုံးဝမကျေနပ်ခဲ့ပါဘူး။ ဒီစိတ်ကြောင့်ပဲ ရွှေကိုင်းမိဖုရားကြီးဟာ သားတော်ကြီးတွေပြန်မလာသေးခင်မှာပဲ ပူဆွေးသောကရောက်ပြီးသေရပါတော့တယ်။ မိဖုရားကြီးဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်အဟုန်ကြောင့် နတ်စိမ်းဖြစ်သွားရပြီး ရွှေကိုင်းနတ်လို့နာမည်ကြီးပါတယ်။


         ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ စည်သူနဲ့ကျော်စွာတို့ နန်းမြို့ကို ပြန်ရောက်တဲ့အခါမှာ မယ်တော့်သတင်းနဲ့ အိမ်ရှေ့စံသတင်းကို ကြားခဲ့ရပြီး သူတို့ကို ဖမ်းဆီးမှာစိုးတာကြောင့် အလျင်အမြန်ထွက်ပြေးရပါတော့တယ်။ သူတို့နှစ်ဦးဟာ ပုဂံရဲ့တစ်ဘက်ကမ်း ပခုက္ကူနယ်ကိုဝင်ပြီး ပခုက္ကူကနေမှတစ်ဆင့် မြောက်အရပ်ကို ချီခဲ့ကြပါတယ်။ ဒီလိုနဲ့ ပခုက္ကူမြောက်ဘက် ဧရာ-ချင်းတွင်းမြစ်ဆုံနေရာအနီး တောင်တွေဝန်းရံထားတဲ့ မြေပြန့်လွင်ပြင်မှာ မြို့သစ်တည်ဆောက်ပါတော့တယ်။


        တူးမြောင်းများ၊ မြို့ရိုးများ၊ လင့်စင်များ၊ နန်းဆောင်များ၊ ကျုံးများအပြင် မြို့တစ်ခုဖြစ်ရန်လိုအပ်တဲ့ မြို့င်္အဂါရပ်အစုံအလင်ကိုတည်ဆောက်ပြီး မြို့အမည်ကိုတော့ ကူးသန်းမြို့လို့ခေါ်စေပါတယ်။ မြို့တည်ပြီးပြီးချင်းမှာပဲ တူးမြောင်းအနောက်ဘက်မှာ ကူဖြူဘုရား၊ အရှေ့ဘက်မှာ ကူနီဘုရားတို့ကိုလည်း တည်ထားကိုးကွယ်ခဲ့တယ်။ ထန်းပင်ထန်းလက်တွေဝေပြီး ထန်းရည်ပေါများတာမို့ ညီဖြစ်သူ ကျော်စွာကတော့ ထန်းရည်အိုးပိုက်ပြီး ကြက်တိုက်လေ့ရှိပါတယ်။


         စည်သူမင်းသားက မြို့ရိုးနဲ့ကျုံး တည်ဖို့ကို တာဝန်ယူရပြီး ကျော်စွာကတော့ တူးမြောင်းတည်ဆောက်ဖို့ကို တာဝန်ယူရပါတယ်။ ချင်းတွင်းမြစ်ကရေကို တူးမြောင်းတွေနဲ့ သွယ်ယူပြီး ကျုံးနဲ့ မြို့အတွက်အခြားလိုအပ်တဲ့ နေရာတွေမှာအသုံးချခဲ့တာကြောင့်မကြာခင်မှာပဲ ကျုံးသုံးထပ်ကာတဲ့ ကူးသန်းမြို့ဖြစ်လာခဲ့ပါတယ်။ မသန့်တဲ့မြစ်ရေတွေကို စပြီး ကြိုတဲ့နေရာမှာရှိတဲ့ ရွာကိုတော့ ရေစကြိုရွာလို့ ခေါ်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ ရေစကြိုမြို့လို့ နာမည်ကျော်နေပါပြီ။


       တူးမြောင်းကနေ ရေစတင်ထုတ်လွှတ်တဲ့နေ့မှာ ပွဲတော်ကိုလာဖို့အတွက် စည်သူမင်းသားက မြင်းတပ်သားတစ်ဦးကို ကျော်စွာကို အခေါ်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ထန်းရည်မူးပြီးကြက်တိုက်နေတဲ့ ကျော်စွာမင်းသားက မလိုက်နိုင်ကြောင်းပြောပြီး နှင်ထုတ်လိုက်ပါတယ်။ တူးမြောင်းကိုဖွင့်တဲ့အခါမှာလည်း တာဝန်ယူရတဲ့ ညီတော်ကျော်စွာရဲ့ပေါ့လျော့မှုကြောင့် ရေမစီးဘဲဖြစ်နေတာမို့ စည်သူမင်းသားက တူးမြောင်းတစ်လျှောက်စစ်ဆေးဖို့ သွားခဲ့ပါတယ်။ 


       ဒီအခါမှာ ကူနီဘုရားအနီးက ကြက်ဝိုင်းမှာ မူးရူးပျော်ပါးနေတဲ့ ညီတော်ကို တွေ့လိုက်ရတာကြောင့် ဒေါသထွက်ပြီး အတင်းခေါ်ခိုင်း​ကာ အနားက ညောင်ဖြူပင်ခြေရင်းမှာပဲ လက်သုံးတော်ဓားနဲ့အဆုံးစီရင်းပစ်ခဲ့ပါတယ်။ တိုက်ကြက်ကိုပိုက်လျှက် သေပြီး မြင်းပေါ်ကနေ ကျတဲ့ ကျော်စွာကို မြင်တွေ့ရတဲ့အခါမှာ ဇနီးဖြစ်တဲ့ ရှင်ဘို့မယ်ကလည်း သူ့ကိုပါသတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒေါသထွက်နေတဲ့စည်သူလက်ချက်နဲ့ ရှင်ဘို့မယ်လည်း သေဆုံးရပါတော့တယ်။




       ညီတော်ကျော်စွာရဲ့ သွေးသောက်ရဲမက်တွေဟာ စည်သူကို ကူဖြူဘုရားအနီးမှာ လိုက်ပြီးလုပ်ကြံ သတ်ဖြတ်တာကြောင့် စည်သူလည်း သေဆုံးခဲ့ပြီး ညီအကိုနှစ်ယောက်လုံး နတ်စိမ်းဖြစ်ရပါတော့တယ်။တပေါင်းလဆန်း(၃)ရက်နေ့မှာ ချိုးရေသုံးပွဲကျင်းပပြီး ကိုကြီးကျော်နတ်ပွဲစကာ တပေါင်းလဆန်း(၁၅)ရက်နေ့မှာတော့ ရွှေကူနီအနီးတစ်ဝိုက်က ရဟန်းသံဃာတွေကို ဆွမ်းလောင်းပြီး နတ်ပွဲပိတ်ပြီးကိုကြီးကျော်ပွဲကို နှစ်ပတ်ခန့်ကြာအောင်ကျင်းပါကြပါတယ်။ 



Comments

Post a Comment