The Kiss (Gustav Klimt)

 The Kiss (Gustav Klimt)


အချစ်ဟာ တရှိုက်မက်မက်တောက်လောင်နေတယ်။ ဒီတစ်သက် ဘယ်တော့မှမခွဲတော့ဘူးဆိုတာမျိုး။ နှစ်ဦးသားဟာ စိတ်ရောကိုယ်ပါ ပေါင်းစည်းပျော်ဝင်လို့။ တဒိတ်ဒိတ်ရင်ခုန်သံဟာ ပန်းချီကားထဲမှာ လှိုင်းထလှုပ်ခတ်နေရဲ့။ 




The Kiss ဆိုတဲ့ ဒီပန်းချီကား‌ကို ရေးဆွဲခဲ့သူကတော့ Austria ပန်းချီဆရာ Gustav Klimt (1862-1918) ပါ။ Klimt ဟာ ဒီပန်းချီကားကို 1908 ခုနှစ်မှာ အပြီးသတ်ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားဟာ အလျား6 ပေ၊ အနံ 6 ပေ ရှိတဲ့ အတွက် Life-size ပန်းချီကားတစ်ချပ်လို့ဆိုရမှာပါ။ ဒီပန်းချီကားကို ဆီဆေးနဲ့ရေးခဲ့ပြီး ရွှေဆိုင်း၊ငွေဆိုင်းအဖတ်လေးတွေနဲ့ မွှမ်းပြောက်ထားတာတွေ့ရပါတယ်။ Klimt ဟာ ရွှေဆိုင်းဖတ်လေးတွေအသုံးပြုတဲ့ အခြားလက်ရာများစွာကိုလည်းဖန်တီးခဲ့ပြီး Klimt ရဲ့ရွှေခေတ် (Gold period)လို့ ပြောစမှတ်ပြုကြပါတယ်။ The Kiss ကတော့  Klimt ရွှေခေတ်ရဲ့ နောက်ဆုံးလက်ရာဖြစ်ပြီး Klimt ရဲ့ အကျော်ကြားဆုံး Masterpiece လည်းဖြစ်ပါတယ်။


ဒီပန်းချီကားရဲ့ သရုပ်ဖော်မှုဟာ အတန်ငယ်ရိုင်းတယ်လို့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ပရိတ်သတ်တွေကတော့ နှစ်ခြိုက်ခဲ့ကြပါတယ်။ ဒီပန်းချီကားကို အပြီးမသတ်ရခင်မှာကိုပဲ Vienna မြို့ Belvedere Museum က  Klimt ထံကနေကြိုတင်ဝယ်ယူခဲ့ပါသတဲ့။ 


ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်စစ်တပ်ဟာ Klimt ရဲ့ မျက်နှာကျက်ပန်းချီလက်ရာတွေနဲ့ အခြားလက်ရာတွေကို ဖျက်ဆီးခဲ့ကြပေမယ့် The Kiss ကတော့ ကင်းလွတ်ခဲ့ပါတယ်။ ဒီပန်းချီကားကို အဲဒီပြတိုက်မှာ ယနေ့တိုင် ချိတ်ဆွဲပြသထားပါတယ်။

Comments

Post a Comment