The Torture Device in your local gym

 ပြေးစက်ပေါ်မှာ ပြေးဖူးလား? ပြေးဖူးမယ်ဆိုရင်တော့ တစ်နာရီလောက် ကုန်သွားပြီထင်ပြီး နာရီကြည့်လိုက်မှ မိနစ်အနည်းငယ်ပဲ ရှိသေးတဲ့အဖြစ်မျိုးကို ကြုံဖူးလောက်မှာပါ။ "ငါ့ကိုယ်ငါ ဘာလို့ နှိပ်စက်နေတာလဲ။ ဒါကြီးက နှိပ်စက်ညှင်းပန်းဖို့ ထုတ်ထားတာကြီးပဲ" လို့လည်း တွေးဖူးမယ်ထင်ပါတယ်။ တကယ်တော့ အဲဒီအတွေးက မမှားပါဘူး။ ပြေးစက်တွေကို နှိပ်စက်ညှင်းပန်းဖို့အတွက် သုံးခဲ့ဖူးပါတယ်။ Sir William Cubitt လို့ခေါ်တဲ့ ဂျုံစက်ပိုင်ရှင်ရဲ့သား၊ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာတစ်ယောက်က 1818 မှာ တီထွင်ခဲ့တာဖြစ်ပြီး အကျဉ်းသားတွေကို အပြစ်ပေးရာမှာ အသုံးပြုခဲ့ပါတယ်။


အဲဒီခေတ်ကာလတုန်းက အင်္ဂလန်နိုင်ငံရဲ့ အကျဉ်းထောင်စနစ်က အတော်လေးကို ဆိုးရွားခဲ့တာပါ။ နယ်နှင်ဒဏ်ပေးတာနဲ့ ကွပ်မျက်တာက အပေးအများဆုံး ပြစ်ဒဏ်တွေဖြစ်ပြီးတော့ ကျန်တဲ့အကျဉ်းသားတွေက အကျဉ်းခန်းတွေထဲမှာ နာရီပေါင်းများစွာ အထီးကျန်ရင်း နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းသားတွေရဲ့ဘဝ တိုးတက်စေဖို့ ကြိုးပမ်းကြတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေကို ဘာသာရေးအဖွဲ့အစည်းတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ Charles Dickens တို့လို ကျော်ကြားသူတွေက ဦးဆောင်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုတွေရဲ့ အသီးအပွင့်အဖြစ် အကျဉ်းထောင်စနစ်ကြီးတစ်ခုလုံးကို ပြင်ဆင်ခဲ့ပါတယ်။ ပြီးတော့ ပြန်လည်ထူထောင်ရေးအနေနဲ့ ပြေးစက်လို ပြစ်ဒဏ်မျိုးတွေကို စတင်ခဲ့ပါတယ်။


အကျဉ်းထောင်တွေမှာ အသုံးပြုတဲ့ ပြေးစက်က သစ်သားဆလင်ဒါအရှည်ကြီးကို သတ္တုဘောင်ကွပ်ထားတာဖြစ်ပါတယ်။ ဆလင်ဒါရဲ့ အချင်းက ခြောက်ပေရှိပြီးတော့ ဆလင်ဒါကိုယ်ထည်မှာ (7.5) လက်မစီလောက် ခြားပြီး သစ်သားလှေကားထစ်တွေ တပ်ထားတာပါ။ အကျဉ်းသားက လှေကားထစ်တစ်ခုပေါ်တက်လိုက်ရင် ဘီး(ဆလင်ဒါ)ကို လှည့်လိုက်သလိုဖြစ်ပြီး အောက်ကို နိမ့်ဆင်းသွားတော့ အပေါ်တစ်ဆင့်ကို မဖြစ်မနေ ထပ်တက်ရပါတယ်။ တစ်ထစ်ပြီးတစ်ထစ်တက်ရင်း အဆုံးမရှိတဲ့ လှေကားထစ်တွေလို ဖြစ်နေတာပါ။ ဘီးပေါ်မှာ အကျဉ်းသား 18 ယောက်ကနေ 25 ယောက်စာလောက် နေရာရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သစ်သားပြားတွေနဲ့ ကာထားတာဖြစ်လို့ ကိုယ့်ဘေးကလူနဲ့တောင် အဆက်အဆံလုပ်လို့မရပါဘူး။ ရှေ့တည့်တည့်က နံရံကိုပဲ မြင်ရတာပါ။ ပြေးစက်လှည့်လို့ ထွက်လာတဲ့စွမ်းအင်ကို ရေစုပ်ဖို့၊ ဆန်ကြိတ်ဖို့နဲ့ ကြိတ်စက်(mill) တွေကို စွမ်းအင်ပေးဖို့ သုံးပါတယ်။ Treadmill(ပြေးစက်) ဆိုတဲ့ နာမည်က ဒီကနေလာတာပါ။


အကျဉ်းသားတွေက (15) မိနစ်လျှောက်၊ (5) မိနစ်နားနှုန်းနဲ့ တစ်နေ့ကို ခြောက်နာရီလောက် စကားလည်းမပြောရဘဲ တိတ်ဆိတ်စွာ လမ်းလျှောက်ကြရပါတယ်။ ပြေးစက်ပေါ်မှာ တစ်နေ့ခြောက်နာရီ လျှောက်တာက ပေ (5000) ကနေ (14000) လောက်အထိ ရှိပါတယ်။ ပေ (14000) ဆိုတဲ့ ပမာဏက ဧဝရတ်တောင်အမြင့်ရဲ့ တဝက်နီးနီးပါ။ နေ့တိုင်းနေ့တိုင်း ဒီလောက်အများကြီးလျှောက်ရပြီး အစားအသောက်ကျတော့လည်း နည်းနည်းပဲ ရကြပါတယ်။ Cubitt ရဲ့ idea က ဗြိတိသျှအင်ပါယာတခွင်ကနေ အမေရိကအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ အကျဉ်းသားတွေမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ရတဲ့အပြင် လိုအပ်တဲ့ အာဟာရလည်း မရတော့ အကျဉ်းသားအမြောက်အမြား စိတ်ရောလူပါ နာကျင်ခံစားခဲ့ကြရပါတယ်။


ပြေးစက်တွေက ရက်စက်လွန်းတာကြောင့် နောက်ပိုင်း ဗြိတိန်နိုင်ငံမှာ ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီနှိပ်စက်ညှင်းပန်းတဲ့စက်ကြီးက ပြန်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ ပြည်သူတွေကို ဦးတည်ပြီး အားကစားစက်အနေနဲ့ ပြန်ပေါ်လာခဲ့တာပါ။ 1913 ခုနှစ်က US မှာ အားကစားလုပ်ဖို့သုံးတဲ့ ပြေးစက်ကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ 1952 ခုနှစ်မှာတော့ ဒီနေ့ခေတ်ပြေးစက်တွေရဲ့ ရှေ့ပြေးဖြစ်တဲ့ ပြေးစက်ကို စတင်တီထွင်နိုင်ခဲ့ပါတယ်။



ကဲ ... နောက်တစ်ခါ ကိုယ့်ကိုယ်ကို နှိပ်စက်နေတယ်လို့ ခံစားရရင် စိတ်ရှိတိုင်း နားလို့၊ ရပ်လို့ ​ရနေတာကိုပဲ ဝမ်းသာလိုက်ပါ မိတ်ဆွေ။


ဒီလို ဗဟုသုတရစရာ​တွေကို ထပ်ပြီးသိချင်တယ်ဆိုရင် Click for Revolution page မှာ ဝင်ကလစ်ရင်း ဖတ်နိုင်ပါတယ်။

Comments

Post a Comment