Football

ယူနိုက်တက်နဲ့ ဒီဂီယာတို့ရဲ့ အနာဂတ်ဟာ ဘယ်လိုရှေ့ဆက်သင့်သလဲ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိထားတဲ့ ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ လက်ရှိယူနိုက်တက်အသင်းအတွက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်လင့်ချက်ကို အဓိကအသက်ဆက်ပေးနေသူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်းကို ၁၁၂ ကြိမ်အထိ ကန်ခွင့်ပေးထားရပြီး တန်းဆင်းဇုန်ထဲက နောဝစ်ချ် ( ၁၁၃ကြိမ် ) ပြီးရင် အများဆုံးပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဂိုးသမားဒီဂီယာကတော့ ဂိုးပေါက်ကာကွယ်မှု ၈၆ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်မှာတော့ အများဆုံးအရေအတွက် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဝါရင့်ဂိုးသမား ဒီဂီယာအနေနဲ့ ယူနိုက်တက်အတွက် ၁၈လ စာချုပ်သက်တမ်းသာ ကျန်ရှိတော့တာပဲ ဖြစ်ပြီး အသင်းအနေနဲ့ကလည်း စာချုပ်သစ်အတွက် အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ သို့ပေမယ့် ဒေးဗစ်ကိုစာချုပ်သစ် ချုပ်ဆိုဖို့ သင့်မသင့်နဲ့ သူဟာအသင်းရဲ့အနာဂတ်ဖြစ်နိုင်သေးရဲ့လား ဆိုတဲ့နေရာမှာ စဉ်းစားစရာတွေရှိလာပါတယ်။ ပထမအချက်အနေနဲ့ ဒေးဗစ်ဟာ အသက် ၃၁နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အတည်ငြိမ်ဆုံးလက်စွမ်းတွေ ပြသထားပေမယ့် သူရဲ့ကစားသမားဘဝ အကောင်းဆုံးကာလတွေဟာ ကျော်လွန်ခဲ့ပြီပဲဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၈ ကြား ကာလရှည်ကြာထိန်းသိမ်းခဲ့တဲ့ မှော်ဝင်လက်စွမ်းတွေလိုမျိုး နောက်တစ်ကြိမ် အချိန်အကြာကြီးသက်သေပြနိုင်ပါတော့မလား ဆိုတာ စဉ်းစားစရာပါ။ ဒုတိကအချက်အနေနဲ့ကတော့ ဒေးဗစ်ဟာ acrobatic shot-stopper သက်သက်သာဖြစ်တာကြောင့် နည်းပြသစ်လက်အောက်မှာ အဆင်ပြေပါ့မလားဆိုတာပါ။ တောင်းဆိုမှုတွေများလာတဲ့ မော်ဒန်ဘောလုံးလောကမှာ အသင်းကြီးတစ်သင်းရဲ့ ဂိုးသမားတစ်ယောက်ဟာ ဂိုးဖမ်းတတ်ယုံနဲ့ မလုံလောက်ပါဘူး။ “ မီးဘေးရှောင် မလောင်ခင်ကတား “ ဆိုသလို တစ်ဖက်အသင်းကကန်သွင်းလာမှ ဂိုးပေါက်ကစောင့်ပြီး တစ်ဖုန်းဖုန်းပုတ်မယ့်အစား တစ်ဖက်အသင်း ကန်သွင်းခွင့်မရခင် ရှေ့ထွက်ရှင်းထုတ်တာမျိုးက မော်ဒန်ဘောလုံးလောကမှာ ပိုပြီးအသုံးတည့်လာပါတယ်။ ဒါကို sweeper-keeper လို့ခေါ်ပါတယ်။ မန်စီးတီးက အီဒါဆန်နဲ့ လီဗာပူးဂိုးသမား အလီဆွန် တို့က အကောင်းဆုံး ဥပမာတွေပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ဖက်အသင်းက ကစားသမားတွေ လူကျွံထောင်ချောက်ကတစ်ဆင့် ဖောက်ထွက်လာတဲ့အခါ ရှေ့ထွက်ရှင်းထုတ်ပြီး ကန်ခွင့်မပေးတတ်ပါဘူး။ တစ်ဖက်က ဖြတ်တင်ဘောတွေ တင်လာတဲ့အခါမှာလည်း ရှေ့ထွက်ပြီး ပုတ်ထုတ်လေ့ရှိသလို vision နဲ့ passing ကောင်းတာကြောင့် အသင်းရဲ့ build up နဲ့ counter attack တွေမှာလည်း လိုအပ်သလို ပါဝင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒေးဗစ်ရဲ့ သိသာတဲ့ အားနည်းချက်တွေ ဖြစ်တာကြောင့် ရေရှည်မှာ ထည့်စဉ်းစားသင့်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ပြောရရင် ဒေးဗစ်ရဲ့ လစာပဲဖြစ်ပါတယ်။ ဒေးဗစ်ဟာ တစ်ပတ်ကို ပေါင် ၃ သိန်းခွဲထိ ရရှိနေပြီး ကမ္ဘာပေါ်မှာ လစာအများဆုံး ဂိုးသမားတစ်ယောက် ဖြစ်နေပါတယ်။ ဒီလို လစာမြောက်များစွာ ပေးထားရတဲ့ ကစားသမားတစ်ယောက်ကို နှစ်ရှည်စာချုပ်ချုပ်တဲ့အခါမှာ အမှားအယွင်းနည်းလေ ကောင်းလေပဲ ဖြစ်ပြီး ထည့်စဉ်းစားသင့်တာတွေ များနေပါတယ်။ ညီအကိုတို့အနေနဲ့ရော ဒေးဗစ်ကို ကာလရှည် စာချုပ်သစ်ချုပ်ဆိုသင့်တယ်လို့ ထင်သလား။ ဒါမှမဟုတ် နွေရာသီမှာ လက်လွှတ်လိုက်သင့်ပြီလား။ အသင်းရဲ့ ဘုတ်အဖွဲ့ကရော ဘယ်လိုဆုံးဖြတ်သွားမယ် ထင်သလဲ။ အကယ်၍ ထွက်ခွါခွင့်ပေးခဲ့ရင်ရော ဒင်းဟန်ဒါဆင်က အစားထိုးနိုင်ပါ့မလား ဆိုတာကို ဝင်ရောက်ဆွေးနွေးသွားကြပါဦး။

Comments

Post a Comment