ENIAC

 နည်းပညာလောက၏ အထင်ကရခြေလှမ်းများ

ENIAC (First electronic computer)

သင်္ချာဆိုင်ရာတွက်ချက်မှုတွေကို ဆောင်ရွက်ပေးမယ့် စက်ကို 16 ရာစုလောက်ကတည်းက တီထွင်ဖို့ကြိုးစားခဲ့ကြပြီး အဲဒီခေတ်အခါက electronic နည်းပညာမဖွံ့ဖြိုးသေးတဲ့အတွက် mechanical နည်းလမ်းတွေနဲ့သာ စဉ်းစားကြံဆခဲ့ကြရပြီး ဂဏန်းတွက်စက်‌အဆင့်လောက်နဲ့သာ ရပ်တန့်နေခဲ့ပါတယ်။ 19 ရာစုကာလတွေမှာ electronic နည်းပညာဖွံ့ဖြိုးလာမှုနဲ့အတူ ကွန်ပြူတာနည်းပညာဟာလဲ တိုးတက်စပြုလာခဲ့ပါတယ်။ ရှုပ်ထွေးတဲ့သင်္ချာတွက်ချက်မှုတွေ ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်တဲ့ ကွန်ပြူတာကိုဖန်တီးဖို့ ပညာရှင်တွေကိုယ်စီကြံဆကြိုးစားနေခဲ့ကြရာမှာ လုပ်ဆောင်ချင်တွေအပြည့်စုံဆုံးနဲ့ အထင်ကြီးစရာအကောင်းဆုံး ကွန်ပြူတာကို အမေရိကန်နိုင်ငံ Pennsylvania တက္ကသိုလ်က ပညာရှင်တွေက 1945 ခုနှစ်မှာ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီကွန်ပြူတာကို  ENIAC (Electronic Numerical Integrator and Computer)လို့အမည်ပေးခဲ့ပါတယ်။ ကုန်ကျစရိတ်အားဖြင့် အဲဒီကာလတန်ဖိုး $ ငါးသိန်းခန့် ရှိခဲ့ပါတယ်။ ယနေ့ခေတ်တန်ဖိုးအားဖြင့်ဆိုရင် $ ခြောက်သန်းနီးပါးရှိပါတယ်။


ENIAC ဟာ လုပ်ဆောင်ချက်အားလုံးကို electronic နည်းလမ်းနဲ့သာ ဆောင်ရွက်တာဖြစ်ပြီး ဆောင်ရွက်စေချင်တဲ့ တွက်ချက်မှုတွေကို လိုအပ်သလို Program တည်ဆောက်ခိုင်းစေလို့ရပါတယ်။ Logic function တွေအတွက် Algorithm တည်ဆောက်ပေးဖို့ အမျိုးသမီး Programmer တွေကို ခန့်ထားခဲ့ပါတယ်။ Programmer တွေဟာ ခလုပ်နဲ့မီးပလပ်ပေါင်းများစွာကို သုံးပြီး Program အသစ်တစ်ခု ပြီးစီးဖို့ ရက်ပေါင်းများစွာ‌ဆောင်ရွက်ကြရပါတယ်။ ENIAC ကို စစ်ဘက်ဆိုင်ရာ တွက်ချက်မှုတွေအတွက် အဓိကရည်ရွယ်တည်ဆောက်စေခဲ့တာဖြစ်ပြီး ENIAC ရဲ့ပထမဆုံးလည်ပတ်မှုဟာ ဟိုက်ဒရိုဂျင်ဗုံးဆိုင်ရာ တွက်ချက်မှုဖြစ်ပါသတဲ့။ ENIAC ဟာ လူတစ်ယောက် နာရီ ၂၀ ကြာအောင်တွက်ချက်ရမယ့် အလုပ်တစ်ခုကို စက္ကန့် ၃၀ နဲ့ ပြီးစီးအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။ 


ENIAC ဟာ အတိုင်းအတာအားဖြင့် 2 m × 1 m × 30 m ရှိပြီး တန် ၃၀ နီးပါးလေးပါတယ်။ Vacuum tube, capacitor, diode, relay စတဲ့ electronic ဆိုင်ရာ ပစ္စည်းတွေ တစ်သိန်းကျော်ပါဝင်ပါတယ်။ လျှပ်စစ်သုံးစွဲအားကလည်း 150 kW ရှိတယ်လို့ဆိုပါတယ်။ ဖန်နဲ့လုပ်တဲ့ Vacuum tube တွေသုံးစွဲထားတာကြောင့် နေ့စဉ်နဲ့အမျှ မီးလုံး‌တွေကြွမ်းလေ့ရှိပြီး ပြန်လည်အစားထိုးမှုတွေဆောင်ရွက်ကြရပါတယ်။ ပျက်ယွင်းမှုမရှိဘဲ တဆက်တည်းလုပ်ဆောင်နိုင်ခဲ့တဲ့ အရှည်ကြာဆုံးအချိန်ကတော့ ၁၁၆ နာရီ(၅ ရက်ခန့်)ဖြစ်ပါတယ်။ ENIAC ကို ဆယ်နှစ်ခန့် ကြာအောင် အသုံးပြုခဲ့ပါတယ်။ 1955 ခုနှစ်မှာ နည်းပညာတိုးတက်လာမှုနဲ့အတူ ENAIC ကို အနားပေးခဲ့ပြီး Pennsylvania တက္ကသိုလ်မှာ ထိန်းသိမ်းထားရှိပါတယ်။

Comments

Post a Comment