OCD

 အားလုံးပဲ မင်္ဂလာပါရှင် ✨

ကျွန်မ‌တို့တွေဟာ တစ်ခါတလေမှာ အကြောင်းအရာတစ်ခုကိုပဲ ထပ်တလဲလဲတွေးနေမိတာတွေ ပြီးပြီးသား အလုပ်တစ်ခုကိုပဲ တကယ်ပြီးသွားရဲ့လား? သေချာရဲ့လား? စသဖြင့် ကိုယ့်ကိုယ်ကို မသေချာမရေရာခြင်းတွေနဲ့ ထပ်ခါထပ်ခါလုပ်မိနေတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီအခြေအနေတွေကိုတော့ Obsessive-Compulsive Disorder လို့ခေါ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့အဲ့လိုတွေးမိလုပ်မိနေတာတွေဟာ ဘယ်လိုကြောင့်ဖြစ်ရတယ် ဒါတွေကို ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲဆိုတာကို ဆွေးနွေးတင်ပြသွားမှာပဲဖြစ်ပါတယ်ရှင်။




 🌪️Obsessive-Compulsive Disorder ဆိုသည်မှာ လူတစ်ယောက်သည် စိတ်ဖြင့်ထိန်းချုပ်၍မရနိုင်သော အတွေးများဖြင့် ကိစ္စတစ်ခုကို ထပ်ခါထပ်ခါတွေးတောမိနေခြင်း၊ အလုပ်တစ်ခုတည်းကိုပဲ စွဲစွဲလမ်းလမ်းဖြစ်ကာ ထပ်တလဲလဲပြုလုပ်မိနေခြင်းဖြစ်ပြီး အဖြစ်များသည့် နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။


🌪️Obsessive-Compulsive Disorder ရောဂါခံစားနေရတဲ့လူတွေမှာ အထက်ပါ လက္ခဏာနှစ်ရပ်လုံးတွေ့မြင်နိုင်ပြီး ထိုရောဂါလက္ခဏာများသည် ၎င်းတို့၏ အလုပ်များ၊ ကျောင်းများ နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များမှာပါ ဝင်ရောက်နှောင့်ယှက်လို့နေပါတယ်။


🌪️ထို့အပြင် 

-ရောဂါပိုးမွှားများ (သို့) ညစ်ညမ်းမှုများကို ကြောက်ရွံ့ခြင်း

-မလိုအပ်ဘဲ ခဏခဏ လက်ဆေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း

-လိင်ဆက်ဆံခြင်းကို မကောင်းသောအရာအဖြစ် မှတ်ယူ၍ တားမြစ်ပိတ်ပင်ခြင်း

-ဘာသာရေးဆိုင်ရာ အယူသီးလွန်းခြင်း

-အရာဝတ္ထုပစ္စည်းများကို အချိုးအစားညီမျှစွာရှိစေလိုပြီး အစစအရာရာ ပြီးပြည့်စုံစေချင်စိတ်များခြင်း

မိမိအိမ်တံခါးသော့ခတ်ထားရဲ့လား? မီးဖိုမီးခလုတ်ပိတ်ပြီးရဲ့လား? စသဖြင့် အရာဝတ္ထုပစ္စည်းများ နေရာတကျရှိမရှိ ထပ်တလဲလဲစစ်ဆေးခြင်း

-အဆုံးမသတ်နိုင်သော ရေတွက်မှုများ ပြုလုပ်ခြင်း 

စတဲ့ အပြုအမူတွေဟာလည်း Obsessive-Compulsive Disorder ရောဂါလက္ခဏာတွေထဲမှာ အပါအဝင်ပဲဖြစ်ပါတယ်။


🌪️Obsessive-Compulsive Disorder ရောဂါခံစားနေရသူများသည် ၎င်းတို့၏ အပြုအမူများ၊ အတွေးများမှာ လွန်လွန်ကျူးကျူးဖြစ်နေသည်ကို သိရှိနေလျှင်တောင်မှ ထိုသို့မလုပ်မိ မတွေးမိစေရန် မိမိကိုယ်ကိုထိန်းချုပ်မှုများ လုပ်နိုင်စွမ်း မရှိကြပါ။

တစ်နေ့လျှင် အနည်းဆုံး တစ်နာရီကျော်ကြာသည်အထိ ထိုအတွေးများထဲ၌ နစ်မြောနေတတ်ကြပါတယ်။


 🌪️ဒါ့အပြင် အချို့သောလူတွေမှာ

-မျက်စိခဏခဏမှိတ်ပြခြင်း

-မျက်လုံးအကြည့်ဂနာမငြိမ်ခြင်း

-မျက်နှာအမြဲရှုံ့မဲ့နေခြင်း

-ပခုံးတွန့်တွန့်ပြခြင်း

-ဦးခေါင်း (သို့) ပခုံး အမြဲလှုပ်ရှားမှုပြုနေခြင်း

-ချောင်းခဏခဏဟန့်ခြင်း

-ခံတွင်းခဏခဏရှင်းခြင်း

-နှာခေါင်းရှုံ့ရှုံ့နေခြင်း

-ညည်း‌တွားသံများ တရစပ်ပြုလုပ်ခြင်း 

အစရှိတဲ့ လက္ခဏာတွေကိုပါ တွေ့မြင်ရတတ်ပါတယ်။


🌪️Obsessive-Compulsive Disorder ရောဂါသည် ကမ္ဘာအနှံ့တွေ့ရများပြီး ကလေး လူငယ် လူကြီး ကျားမ မရွေး အဖြစ်များသည့် ရောဂါတစ်ခုပင်ဖြစ်ပါတယ်။ အများစုသည် အသက် ၁၉နှစ်အရွယ်ခန့်တွင် စတင်ဖြစ်ပွားတတ်ကြပြီး အမျိုးသားများသည် အမျိုးသမီးများထက် တွေ့ရပိုစောတတ်ပါတယ်။


🌪️Obsessive-Compulsive Disorder ရောဂါ ဖြစ်စေတတ်တဲ့ အကြောင်းအရင်းတွေကတော့ မျိုးရိုးလိုက်ခြင်း၊ ဦးနှောက်တည်ဆောက်ပုံနှင့်အလုပ်လုပ်ပုံမှာ သာမန်နှင့်ကွဲပြားနေခြင်း၊ ရှင်သန်ရာပတ်ဝန်းကျင်ကြောင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေဖြစ်ပေါ်ရခြင်းတို့မှ စတင်ဖြစ်ပွားလာတတ်ပါတယ်။


🌪️Obsessive-Compulsive Disorder ရောဂါကို ကုသမှုပြုလုပ်ရာတွင် ဆေးဝါးအကူအညီများဖြင့်သာမက စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့်ပါ ကုသမှုပေးရန် လိုအပ်ပါတယ်။

အချို့သော လူနာများသည် စိတ်ဓာတ်ကျလွယ်ခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်ခြောက်ခြားခြင်း၊ စိတ်အတက်အကျမြန်ခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာတွေကိုပါ တွဲဖက်ခံစားရလေ့ရှိတတ်ကြပါတယ်။

ဒါကြောင့် ကုသမှုခံယူတဲ့အခါမှာ ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာအခြေအနေများအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ကျွမ်းကျင်ဆရာဝန်များနှင့် အချိန်ယူကုသရန် အရေးကြီးလှပါတယ်။

💙တစ်ယောက်တည်းမနေဘဲ မိမိကို စိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်သော ပတ်ဝန်းကျင် မိသားစုမှာ နေပါ။ 

💙မိသားစုကလည်း နွေးထွေးစွာ စောင့်ရှောက်ပေးပြီး လိုအပ်သော အကူအညီများပေးခြင်းဖြင့် ဂရုစိုက်မှုများပြုလုပ်ပေးပါ။ 

💙ဆရာဝန်နှင့် သေချာစနစ်တကျ ကုသမှုခံယူပါလို့ တိုက်တွန်းလိုက်ပါရစေရှင်။ 

Comments

Post a Comment