Social Anxiety Disorder

 Social Anxiety Disorder (သို့) လူအများနှင့် ပေါင်းသင်းဆက်ဆံရမည်ကို ကြောက်သော စိတ်ရောဂါ




 ချိန်းတွေ့ခြင်း၊ လူအများရှေ့တွင် ဟောပြောမှုပြုလုပ်ခြင်း စသည့်အခြေအနေများတွင် စိတ်တုန်လှုပ်ခြင်းသည် သာမန်သာဖြစ်ပါတယ်။ သို့ပေမယ့် Social Anxiety Disorder ရှိသူများသည် နေ့စဉ်ကြုံတွေ့နေရသော လူမှုပတ်ဝန်းကျင် အခြေအနေများ ထိခိုက်နိုင်လောက်တဲ့အထိ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်းများ ဖြစ်တတ်ကြပါတယ်။


လက္ခဏာများ

 အထူးသဖြင့် ကလေးတွေမှာ တွေ့ရတတ်တဲ့ အချို့သော အခြေအနေများ၌ ရှက်ကြောက်ခြင်း (သို့) မသက်မသာ၊ မအီမသာ ဖြစ်ခြင်းသည် စိုးရိမ်ရသော Social Anxiety Disorder ၏ ရောဂါလက္ခဏာများ မဟုတ်ပါ။ ကိုယ်ရည်ကိုယ်သွေးစရိုက်များနှင့် ဘဝအတွေ့အကြုံများပေါ်  မူတည်၍ ပတ်ဝန်းကျင် လူမှုအခြေအနေများတွင် အဆင်ပြေမှုများကွဲပြားနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်များ၊ အလုပ်၊ ကျောင်း (သို့) အခြားလှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်လောက်တဲ့အထိ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ တသီးတသန့်နေလိုခြင်း စသည်တို့သည် Social Anxiety Disorder ဖြစ်လာနိုင်သည့် လက္ခဏာရပ်များဖြစ်ပါတယ်။


ဖြစ်ပေါ်တတ်သော စိတ်ခံစားမှုနှင့် အပြုအမူ လက္ခဏာများ

- အဆိုးမြင်ခံရမည်ကို ကြောက်ရွံ့ခြင်း

- အရှက်ကွဲမှာကို စိုးရိမ်ခြင်း

- သူစိမ်းများနှင့် စကားပြောရန် အလွန်အမင်း ကြောက်ရွံ့ခြင်း

- မိမိစိုးရိမ်စိတ်ကို တခြားသူများ သတိထားမိမှာ ကြောက်ခြင်း

- ချွေးထွက်ခြင်း၊ ခန္ဓာကိုယ် (သို့) အသံတုန်ခြင်း ကဲ့သို့သော စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကိုကြောက်ခြင်း

- အရှက်ရမှာစိုး၍ လူအများနဲ့ စကားပြောတာကို ရှောင်ခြင်း

- လူအများ၏ အာရုံစုပြုံကျရောက်နိုင်သော လုပ်ရပ်များကို ရှောင်ခြင်း

- လုပ်ဆောင်ရန် ကြောက်ရွံ့သော အခြေအနေများကို ကြိုတွေး၍ ကြောက်ရွံ့စိုးရိမ်ခြင်း

- လူမှုပတ်ဝန်းကျင် အခြေအနေများကိုပြင်းထန်စွာ စိုးရိမ်ကြောက်ရွံ့ခြင်း

- အဆိုးမြင်အတွေ့အကြုံကို မူတည်၍ အဆိုးဆုံး ဖြစ်နိုင်သော အကျိုးဆက်များကိုမျှော်လင့်ခြင်း

* ကလေးများတွင် လူကြီးများ၊သက်တူရွယ်တူများနှင့် ဆက်ဆံရာ၌ ငိုခြင်း၊ ဒေါသကြီးခြင်း၊ မိဘများကိုတွယ်ကပ်ခြင်း၊ စကားပြောရန်ငြင်းဆန်ခြင်း စသည့် အပြုအမူများဖြင့် စိုးရိမ်ကြောက်ရွံ့မှုကို ဖော်ပြ‌လေ့ရှိပါတယ်*


တွေ့ရတတ်သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

- မျက်နှာနီမြန်းလာခြင်း

- နှလုံးခုန်မြန်လာခြင်း 

- ခန္ဓာကိုယ်/အသံတုန်လာခြင်း

- ချွေးထွက်ခြင်း 

- ဗိုက်အောင့်ခြင်း (သို့) ပျို့အန်ခြင်း

- အသက်ရှုရခက်ခြင်း 

- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း

- ကြွက်သားများတင်းလာခြင်း


သူစိမ်းများနှင့်ဆက်ဆံခြင်း၊ ပါတီများ(သို့) လူမှုရေးစုဝေးပွဲများသို့တက်ရောက်ခြင်း၊ အလုပ်(သို့)ကျောင်းသွားခြင်း၊ စကားဝိုင်းများစတင်ခြင်း၊ မျက်လုံးချင်းဆုံခြင်း၊ ချိန်းတွေ့ခြင်း၊ လူအများနေရာယူပြီးသော အခန်းထဲကိုဝင်ခြင်း၊  ပစ္စည်းများကို စတိုးဆိုင်သို့ပြန်ပေးခြင်း၊  တခြားသူတွေရဲ့ရှေ့မှာစားသောက်ခြင်း၊ အများသုံးသန့်စင်ခန်းသုံးခြင်း စသည့် အခြေအနေများကို Social Anxiety Disorderရှိသူ တယောက်အဖို့ ရင်ဆိုင်နိုင်ရန် အလွန်ခက်ခဲပါတယ်။


ဒီရောဂါ၏ လက္ခဏာများသည် အချိန်နှင့်အမျှပြောင်းလဲနိုင်ပါတယ်။ ဘဝမှာ ကြုံတွေ့ရသော အပြောင်းအလဲများ၊ စိတ်ဖိစီးမှုများကြောင့် လက္ခဏာများ ပိုပိုဆိုးလာနိုင်ပါတယ်။  စိုးရိမ်ပူပန်မှုဖြစ်စေသော အခြေအနေများကို ရှောင်ရှားခြင်းသည် ရေတိုတွင် လက္ခဏာများကို သက်သာလာစေနိုင်သော်လည်း ဆေးကုသမှု မခံယူပါက ရောဂါလက္ခဏာများသည် ရေရှည်အထိဖြစ်ပွားနိုင်ပါတယ်။ 


* ပုံမှန်လူမှုပတ်ဝန်းကျင် အခြေအနေများကို ကြောက်ရွံ့ထိတ်လန့်ခြင်း၊ စိတ်ပူခြင်း၊ရှောင်ကြဉ်လိုခြင်းများ ပေါ်လာပါက စိတ်ကျန်းမာရေးပညာရှင်နှင့် တွေ့ဆုံဆွေးနွေးသင့်ပါတယ်*


အခြား စိတ်ပိုင်းဆိုင်ရာ ရောဂါများကဲ့သို့ပဲ Social Anxiety Disorderသည် မိဘမျိုးရိုးကြောင့်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း ဖြစ်ပွားတတ်ပါတယ်။ 


-မိသားစုမျိုးရိုးထဲတွင် Social Anxiety Disorder ရှိဖူးသည့် မှတ်တမ်းရှိသူများ

-အလွန်အကြူး စနောက်ခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ အရှက်ရစရာအဖြစ်မျိုးကြုံတွေ့ဖူးခြင်း စသည့် အတွေ့အကြုံများရှိသော ကလေးငယ်များ

-နေရာအသစ်၊ လူအသစ်များနှင့် တွေ့ဆုံရသောအခါ ရှက်တတ်သော၊ ကြောက်တတ်သော၊ အနေအထိုင်ငြိမ်သက်သွားသော ကလေးများ

- လူမှုပတ်ဝန်းကျင်အသစ်များ၊ အလုပ်အကိုင်ဖိအားကြောင့် ဆယ်ကျော်သက်တွင် Social Anxiety Disorder အစပျိုးလာသူများ စသည်တို့သည် ဒီစိတ်‌‌ရောဂါ ဖြစ်နိုင်ခြေများသောသူများ ဖြစ်ပါတယ်။


ကုသမှုမခံယူပါက မိမိကိုယ်မိမိ ယုံကြည်မှုပျောက်ဆုံးလာခြင်း၊ မကောင်းမြင်လာခြင်း၊ ဝေဖန်မှုများကို အလွန်အမင်းအာရုံစိုက်ခြင်း၊ လူမှုဆက်ဆံရေးညံ့ဖျင်းလာခြင်း၊ အထီးကျန်လာခြင်း၊ ပေါင်းသင်းဆက်ဆံရေးခက်ခဲလာခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါးများကို အလွန်အကျွံ‌သုံးစွဲလာတတ်ခြင်း၊ သေကြောင်းကြံစည်ရန်ကြိုးစားခြင်း စသည်တို့ ကြုံတွေ့လာနိုင်ပါတယ်။ 


Social Anxiety Disorder ဖြစ်ပွားလာပါက သက်ဆိုင်ရာဆရာဝန်ဆီမှ တိကျသောအကူအညီရရန် မိမိခံစားကြုံတွေ့နေရသော ဖိအားများကို ပြောပြပါ။ တတ်နိုင်သမျှ စိုးရိမ်ပူပန်မှုကို လျှော့ချပြီး မိမိကို ပျော်ရွှင်စေနိုင်သောအရာများဖြင့် အချိန်ဖြတ်သန်းပါ။ အရက်နှင့် မူးယစ်စေတတ်သောအရာများကို ရှောင်ကြဉ်ပါ။




Comments

Post a Comment