Android

 Android

Android ဆိုတာ ယနေ့ခေတ် IT လောကမှာ အရင်းနှီးဆုံး စကားလုံးဖြစ်လို့နေပါပြီ။ Android ဆိုတဲ့နာမည်ဟာ  ခေါ်ရတာ အဆင်ပြေပြီး ချစ်စရာကောင်းတယ်လို့ထင်ပါတယ်။ Android ဆိုတဲ့ နာမည်ရဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။ 


Android ဟာ Greek စကားလုံးကနေဆင်းသက်လာပြီး လူနဲ့တူသော (humanoid) လို့အဓိပ္ပါယ်ရပါတယ်။ ဒီစကားလုံးကို 1700 ခုနှစ်ကျော်ကာလတွေကတည်းက သုံးစွဲတာတွေ့ရပြီး လူကဲ့သို့ဆောင်ရွက်နိုင်တဲ့ ယန္တရားတွေစက်ရုပ်တွေကိုရည်ညွှန်းသုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် IT လောကက Android ဆိုတဲ့နာမည်ဟာ ဒီဝေါဟာရကို အစွဲပြုရယူထားတာတော့ မဟုတ်ပါဘူး။


Android နည်းပညာကုမ္ပဏီကို တည်ထောင်ခဲ့သူကတော့ IT ပညာရှင် Andy Rubin ဖြစ်ပါတယ်။ Rubin ဟာ ကုမ္ပဏီမထောင်ခင်က Apple မှာ အလုပ်လုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် Google ကိုပြောင်းရွှေ့ခဲ့ပါတယ်။ Rubin ဟာ စက်ရုပ်တွေကို အလွန်စိတ်ဝင်စားတဲ့အတွက် သူ့ကို Android လို့ မိတ်ဆွေတွေကနာမည်ပြောင်ပေးထားပါတယ်။ ဒီနာမည်ဟာ သူ့ရဲ့အမည်ရင်းနဲ့လည်း ခပ်ဆင်ဆင်ဖြစ်နေပါတယ်။ သူ့ရဲ့ Personal website ကိုလည်း android.com လို့အမည်ပေးထားပါတယ်။ 


Andy Rubin ဟာ Android.Inc ကို 2003 ခုနှစ်မှာ တည်ထောင်ခဲ့ပြီး Digital camera တွေအတွက် OS တစ်ခုဖန်တီးဖို့ ရည်ရွယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အနာဂတ်အလားအလာကြီးမားတဲ့ mobile phone လောကကို ဝင်ရောက်လာခဲ့ပါတယ်။ Samsung နဲ့ HTC ကို စတင်ကမ်းလှမ်းခဲ့ပေမယ့် အဆိုပါကုမ္ပဏီတွေက စိတ်မဝင်စားခဲ့ပါဘူး။ 2005 ခုနှစ်မှာတော့ Android.Inc ကို Google ကဝယ်ယူခဲ့ပြီး 2008 ခုနှစ်မှာ ပထမဆုံး Android phone ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ iPhone ပေါ်တာ တစ်နှစ်ရှိနေပါပြီ။ 


Android OS ဟာ Smartphone လောကမှာ အလျင်အမြန်အောင်ပွဲခံနိုင်ခဲ့ပြီး Version တွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့တာ အခုဆိုရင် Android 12 ထိရောက်ရှိလာခဲ့ပါပြီ။ ယနေ့ Smartphone လောကရဲ့ 80% ကျော်ဟာ Android နဲ့လည်ပတ်နေတာဖြစ်ပါတယ်။ Android ဟာ Smartphone တင်မကဘဲ TV, နာရီ စတဲ့ လူသုံးပစ္စည်းတွေကနေ စက်ရုပ်လောကအထိပါ ထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ လူသားနဲ့ဆင်တူသော လို့ အဓိပ္ပါယ်ရတဲ့ Android ဟာ အခုဆိုရင် လူသားတွေရဲ့ နေ့စဉ်ဘဝအစိတ်အပိုင်းတစ်ခုဖြစ်လို့နေပါပြီ။

Comments

Post a Comment