Laufmaschine(The first bicycle)

 Laufmaschine(The first bicycle)


စက်တပ်ယာဉ်တွေ ဘယ်လိုပဲပေါ်ပေါက်လာပါစေ စက်ဘီးတွေကတော့ လူမှုဘဝမှာ ယနေ့အချိန်ထိအသုံးဝင်နေဆဲပါပဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်အရရော၊ ကျန်းမာရေးအမြင်အရရော၊ ကုန်ကျစရိတ်သက်သာမှုအရရော စက်ဘီးတွေဟာ အကြိုက်တွေ့စရာ ဖြစ်နေဆဲပါပဲ။ 


စက်ဘီးကို ဘယ်အချိန်လောက်က စပြီးတီထွင်ခဲ့သလဲဆိုတာကတော့ အတိအကျပြောဖို့ခက်ပါတယ်။ ၁၈ ရာစုလောက်ကတည်းက စက်ဘီးကိုတည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပေမယ့် အထောက်အထား အတိအကျတော့ မတွေ့ကြရပါဘူး။ အထောက်အထားအခိုင်အမာနဲ့ တွေ့ကြရတဲ့ အစောဆုံးစက်ဘီးကိုတော့ ဂျာမန်လူမျိုး Karl von Drais က ၁၈၁၇ ခုနှစ်မှာ ကြံဆတည်ဆောက်ခဲ့ပါတယ်။ Drais က သူရဲ့တီထွင်မှုကို Laufmaschine လို့ ခေါ်ခဲ့ပြီး running machine လို့ အဓိပ္ပါယ်ရပါတယ်။ အချို့ကလည်း swiftwalker လို့ခေါ်ကြပါတယ်။ Drais ရဲ့ စက်ဘီးကို Dandy horse လို့လဲ နာမည်ပြောင်မည့်ခဲ့ကြပါတယ်။ 


Drais ရဲ့စက်ဘီးဟာ အားလုံးနီးပါး သစ်သားနဲ့တည်ဆောက်ထားပါတယ်။ ဘီးနှစ်ဘီး ပါဝင်ပြီး ကွေ့ဖို့လက်ကိုင်ပါဝင်ပါတယ်။ နင်းစရာခြေနင်းမပါပါဘူး။ နောက်ဘီးမှာတော့ ဘရိတ်တပ်ဆင်ထားပါတယ်။ သစ်သားတန်းပေါ်မှာခွထိုင်ပြီး ခြေထောက်ကို မြေကြီးမှာထောက်ပြီး အရှိန်ရအောင်ပြေးရပါတယ်။ သူရဲ့ပထမဆုံးသရုပ်ပြမှုမှာ ၈ မိုင်ခန့်ခရီးကို တစ်နာရီအတွင်း သွားပြခဲ့ပါတယ်။ Drais ဟာ သူရဲ့စက်ဘီးကို ၁၈၁၈ ခုနှစ်မှာ မှတ်ပုံတင်ပြီး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဥရောပနိုင်ငံတွေနဲ့ မြောက်အမေရိကမှာ Drais ရဲ့ စက်ဘီး ထောင်ပေါင်းများစွာ ရောင်းချခဲ့ရပါတယ်။ စက်ဘီးနဲ့သွားလာကြတာဟာ လန်ဒန်ရဲ့ မြို့ပြဖက်ရှင်တစ်ခုလိုတောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် စက်ဘီးစီးရင်းဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုတွေကြောင့် အချို့မြို့တွေမှာ စက်ဘီးအသုံးပြုမှုကို ပိတ်ပင်ခဲ့တာကြောင့် ကြာရှည်ရေပန်းမစားခဲ့ပါဘူး။ ဒါပေမယ့် Drais ရဲ့ တီထွင်မှုဟာ နောင်မှာပေါ်ပေါက်လာတဲ့ ခြေနင်းပါစက်ဘီးတွေတီထွင်ဖို့အတွက် ကြီးစွာသောလှုံ့ဆော်မှုဖြစ်စေခဲ့တာကတော့ အသေအချာပါပဲ။

Comments

  1. 👌👌💪

    ReplyDelete
  2. 🤗🤗🤗

    ReplyDelete
  3. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  4. ဘီးလေးစီးပြီး အချစ်ကလေးကိုတင်ပြီး........🤍

    ReplyDelete
  5. Wheel...........dope.🏹🏹🏹

    ReplyDelete
  6. 😍👨‍👩‍👦‍👦

    ReplyDelete

Post a Comment