ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ (Part - 6)

 ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ (Part - 6)




ကမ္ဘာ့နေရာဒေသအသီးသီးက ထူးဆန်းတဲ့ အစားအစာလေးတွေအကြောင်းကို ပြောပြလာခဲ့တာ အခုဆို အပိုင်း (၆) အထိ ရောက်ရှိလာခဲ့ပြီနော်။ 


ဒီ‌တစ်ခေါက်ပြောပြမယ့် အစားအစာလေးကတော့ မြန်မာပြည်က လူတွေနဲ့လည်း မစိမ်းမယ့် အစားအစာလေးတစ်ခုပါ။ တရုတ်ပြည်ကစတင်စားသုံးလာကြတာဖြစ်ပြီး အခုဆိုရင် မြန်မာပြည်အပါအဝင် အာရှမှာပါ နေရာအနှံ့အပြား စားသုံးကြတာကို တွေ့ရပါတယ်။ 


ဒီတစ်ခေါက်ပြောပြမယ့် ကမ္ဘာက ထူးဆန်းတယ်လို့ သတ်မှတ်ထားတဲ့ အစားအစာက သင်ကိုယ်တိုင် စားဖူးတဲ့ အစားအစာဖြစ်နေမှာဆိုတော့ အဲ့လောက်လည်း မထူးဆန်းပါဘူးကွာ လို့တွေးမိနေမှာပါပဲ။ ဒါဆို ဘာလို့ ကမ္ဘာတစ်လွှားကလူတွေက ထူးဆန်းတယ်လို့ ထင်ကြတာဖြစ်မလဲ လေ့လာကြည့်လိုက်ရအောင်။


Century Egg (သို့) 100 years old လို့ ခေါ်တဲ့ အစားအစာတစ်မျိုးကို တရုတ်ပြည်မှာ စတင်တီထွင်စားသုံးလာခဲ့ကြပါတယ်။ အဓိပ္ပါယ်ကတော့ နှစ်တစ်ရာဥ ဖြစ်ပြီး တကယ်နှစ်တစ်ရာအကြာက ဥတော့ မဟုတ်ပါဘူး။ အခေါ်အဝေါ်သက်သက်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ "ဆေးဘဲဥ" ဆိုပြီး လူသိများကြပါတယ်။


ဆေးဘဲဥဆိုတာ တကယ်တော့ ရိုးရိုးဘဲဥကို ပြာ၊ ဖွဲ၊ ထုံး၊ ဆိုဒါ၊ လက်ဖက် အစရှိတဲ့ ပါဝင်ပစ္စည်းတချို့နဲ့မံပြီး ပုပ်သိုးတဲ့အထိ အပတ်အနည်းငယ်ကြာအောင် နေရောင်မရှိတဲ့နေရာ ထားသိုပြီး ပြုလုပ်ထားတာပါ။ 


ဆေးဘဲဥရဲ့ ပုံသဏ္ဍန်ကတော့ အကာဟာ အလင်း‌ေဖာက်တဲ့အညိုရောင် ရှိပြီး ဂျယ်လီပုံသဏ္ဍန်ရှိပါတယ်။ အနှစ်ကတော့ အစိမ်းပုပ်အရောင်ဖြစ်ပြီး တခါတလေမှာ အနှစ်ဟာ လုံးဝမည်းနက်နေတဲ့အထိ ဖြစ်နေတတ်ပါတယ်။ အနံ့က‌တော့ ရိုးရိုးဘဲဥအနံ့မဟုတ်ဘဲ အမိုးနီးယားနံ့ထွက်နေတတ်ပါတယ်။ မြန်မာပြည်မှာတော့ ဆေးဘဲဥသုပ် (ဖီတန်သုပ်) ဆိုပြီး ကြက်သွန်နီ ဆီချက်နဲ့ သုပ်စားကြတာများပါတယ်။ စားလိုက်ရင်တော့ မာထုတ်ထုတ်ခံစားချက်လေးကို ခံစားရမှာပါ။


ဆေးဘဲဥဟာ ပုံမှန် ပြုလုပ်နည်းတွေနဲ့စီမံထားတာဆိုရင် အန္တရာယ်မရှိပေမယ့် လောဘသားတွေရဲ့ လောဘကြောင့် အန္တရာယ်ရှိတဲ့တရားမဝင် ဓာတုပစ္စည်းတွေကို အသုံးပြုခဲ့မယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ 


ကဲ ဒါဆို ကမ္ဘာတစ်လွှားက ထူးထူးခြားခြားအစားအစာလေးတစ်ခု‌ကိုတော့ သင်ကိုယ်တိုင် စားဖူးသွားပါပြီ။ တကယ်လို့ ဆေးဘဲဥကို မစားဖူးသေးဘူးဆိုရင်လည်း မြည်းစမ်းစားသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Comments

Post a Comment