Eating disorders

 Eating Disorders - 

အစားအသောက်မူမမှန်သည့် ပြဿနာများ




အစားအသောက်မူမမှန်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော အစားအစာများကိုသာ အမူအကျင့်တစ်ခုသဖွယ် စားသောက်ခြင်းကို ဖြစ်ပေါ်လာစေနိုင်သော စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုကဲ့သို့ပင် ဖြစ်ပါတယ်။

အချို့ပြင်းထန်သော အခြေအနေများတွင် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်လာစေနိုင်ပြီး အချိန်မီကုသမှုမခံယူနိုင်ပါက အသက်သေဆုံးသည်အထိ ဖြစ်လာစေနိုင်ပါတယ်။

အစားအသောက်မူမမှန်သည့် ပြဿနာများကို ခံစားနေရသူတွေမှာ ရောဂါလက္ခဏာအမျိုးအမျိုးကွဲပြားနိုင်ပါတယ်။

သို့သော် များသောအားဖြင့်ကတော့ အစားအသောက်အလွန်ချေးများခြင်း၊ အစားရွေးခြင်း၊ လွန်ကဲစွာစားသုံးခြင်း၊ လေ့ကျင့်ခန်းများ အလွန်အကျွံပြုလုပ်၍သော်လည်းကောင်း၊ လက်ထိုး၍ပြန်အန်ထုတ်ခြင်းကဲ့သို့သော ပုံမှန်မဟုတ်သည့် အစာရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခြင်း အစရှိတဲ့ လက္ခဏာများ တွေ့ရှိရတတ်ပါတယ်။

လူကြီးလူငယ်ကျားမ မရွေး ထိခိုက်သက်ရောက်မှုရှိသော်လည်း ဆယ်ကျော်သက်အရွယ်များနှင့် အမျိုးသမီးငယ်လေးများမှာ အဖြစ်များပါတယ်။

လေ့လာတွေ့ရှိချက်များအရ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် လူငယ်များရဲ့ 13% သည် ထိုအစားအသောက်မူမမှန်သည့်ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။


ဘာတွေက အစားအသောက်မူမမှန်တဲ့ပြဿနာတွေကို ဖြစ်စေတာလဲ?

အစားအသောက်မူမမှန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ အဲ့ဒီထဲကမှ တစ်ခုကတော့ မျိုးရိုးဗီဇလက္ခဏာကြောင့်ပါ။

ယေဘုယျအားဖြင့်ပြောရရင် အမြွှာကလေးတွေမှာ တစ်ယောက်က အစားအသောက်မူမမှန်တဲ့ပြဿနာရှိနေမယ်ဆိုရင် ကျန်ကလေးတစ်ယောက်မှာလည်း ထိုပြဿနာရှိနေဖို့ အခွင့်‌အရေး 50% ထိရှိနေပါတယ်။ 

ဒါ့အပြင် အခြားသော ပုဂ္ဂိုလ်ရေးဆိုင်ရာခံယူချက်တွေဟာလည်း အစားအသောက်မူမမှန်ခြင်းကို ဖြစ်စေနိုင်ပါသေးတယ်။

တချို့သောသူများသည် ခန္ဓာကိုယ်ပိန်သွယ်ရန်အလို့ငှာ အလွန်အမင်းကြိုးစားတတ်ကြပါတယ်။

ဒါကလည်း ပိန်မှလှတယ် ပိန်မှကြည့်လို့ကောင်းတယ် စတဲ့ ပတ်ဝန်းကျင်ရဲ့ စံနှုန်းသတ်မှတ်ချက်တွေကြောင့်လည်းပါသလို အချို့သော ကြော်ငြာမီဒီယာများကလည်း ပိန်မှပဲလူရာဝင်တော့မလို အယူအဆမှားတွေနဲ့ ကြော်ငြာမှုများကြောင့် ခန္ဓာကိုယ်ပိန်ဖို့အရေး အသည်းအသန်ကြိုးစားမှုတွေပြုလုပ်လာကြခြင်းကလည်း ဒီပြဿနာတွေရဲ့ အစဖြစ်လို့လာပါတယ်။



Anorexia Nervosa



 Anorexia Nervosa ကတော့ တွေ့ရအများဆုံး အစားအသောက်မူမမှန်တဲ့ပြဿနာတစ်မျိုးပဲဖြစ်ပါတယ်။

အထူးသဖြင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးတွေမှာ အဖြစ်များပါတယ်။ ဒီပြဿနာရှိတဲ့သူတွေဟာ အန္တရာယ်ရှိလောက်တဲ့ထိ ကိုယ်ခန္ဓာအလေးချိန်ကျဆင်းနေရင်တောင်မှ သူတို့ကိုယ်သူတို့ အဝလွန်နေတယ်လို့ပဲ ထင်တတ်ကြပါတယ်။

ဒီလိုထင်မြင်နေတာကြောင့်ပဲ အစားအသောက်တွေကို အာဟာရပြည့်ဝအောင်စားသောက်ခြင်းမှ ရှောင်ရှားတတ်ကြပြီး ကယ်လိုရီတက်မလာအောင် အပြင်းအထန်ကြိုးစားကြပါတယ်။


Bulimia Nervosa


Bulimia Nervosa သည်လည်း အစားအသောက်မူမမှန်ခြင်းမှဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။

Anorexia Nervosa ကဲ့သို့ပင် ဆယ်ကျော်သက်အရွယ်လူငယ်များတွင် အဖြစ်များပြီး အမျိုးသမီးတွေမှာတွေ့ရများပါတယ်။

Bulimia Nervosa ရှိနေတဲ့သူတွေဟာ တစ်ချိန်တည်းမှာပဲ အချိုးအစားညီမျှခြင်းမရှိတဲ့ အစားအစာတွေကို လွန်ကဲစွာ စားသောက်တတ်ကြပါတယ်။

သူတို့ဟာ အလွန်အမင်း ဗိုက်ပြည့်ဝပြီး ဗိုက်အောင့်ဗိုက်နာဖြစ်လာသည်ထိတိုင်အောင် အစာစားလေ့ရှိကြပါတယ်။ ထိုသို့စားနေစဉ်အတွင်းမှာလည်း သူတို့ကိုယ်သူတို့ထိန်းချုပ်နိုင်စွမ်းမရှိသကဲ့သို့ပဲ ဆက်တိုက်စားသုံးတတ်ကြပါတယ်။ ဒါပေမယ့် အခုလိုစားသုံးပြီးရင်တော့ လက်ထိုးပြီးအန်ခြင်း၊ 24 နာရီကြာသည်အထိ အစာထပ်မစားဘဲနေခြင်း၊ ဝမ်းနှုတ်ဆေးအလွန်အကျွံစားခြင်း စသဖြင့် မိမိစားထားသမျှအစာအကုန်ပြန်ထွက်အောင် ပြုလုပ်ကြပါတော့တယ်။

ထူးဆန်းစရာကောင်းတာကတော့ ထိုကဲ့သို့ အပြုအမူတွေရှိတဲ့သူတွေရဲ့ ကိုယ်အလေးချိန်က ပုံမှန်ထက်ကျဆင်းမသွားဘဲ အလေးချိန်ကိုထိန်းထားနိုင်ကြတယ်လို့ ဆိုပါတယ်။


Pica




Pica ကတော့ ပုံမှန်စားနေကျဖြစ်တဲ့ အစားအစာတွေကိုမစားဘဲ ပုံမှန်မဟုတ်တဲ့ အရာတွေမှ စားသုံးချင်နေတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။

သူတို့တွေကတော့ စားသုံးရန်မသင့်တဲ့အရာတွေဖြစ်တဲ့ အညစ်အကြေးများ၊ မြေဆီခဲ၊ မြေဖြူ၊ ဆပ်ပြာ၊ စာရွက်၊ ဆံပင်မွှေး၊ အဝတ်စ၊ သားမွှေး၊ အဝတ်လျှော်ဆပ်ပြာဆီ အစရှိတာတွေကိုမှ အာသီသဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

ဒီပြဿနာကိုတော့ လူကြီးတွေမှာတွေ့ရများပြီး တစ်ခါတရံမှသာလျှင် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ တွေ့ရတတ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရသူတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။


Comments

  1. Replies
    1. ဒီမှာလည်းeating disorderရှိတယ် ဘယ်လောက်စားစားမဝတဲ့disorder

      Delete
  2. Wheel............dope.🏹🏹🏹

    ReplyDelete
  3. Very important article.
    Thanks for sharing.

    ReplyDelete

Post a Comment