Hypertension

Hypertension


 သွေးလွှတ်ကြောနံရံတွေက ‌ဝင်လာတဲ့ သွေးပမာဏများများကို အကြာကြီးတောင့်ခံထားရတဲ့အခါမှာတော့ သွေးပေါင်ချိန်တက်ခြင်း (သွေးတိုးခြင်း)ကို ဖြစ်လာစေနိုင်ပါတယ်။ သွေးတိုးခြင်းက နှလုံးရောဂါကဲ့သို့သော အခြေအနေမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ နှလုံးကနေ ညှစ်ထုတ်လိုက်တဲ့ သွေးပမာဏနဲ့ ထိုသွေးများစီးဆင်းမှုကို သွေးလွှတ်ကြောတွေရဲ့ ခံနိုင်ရည်အားပေါ်မူတည်ပြီး သွေးပေါင်ချိန်ကို တိုင်းတာကြပါတယ်။ နှလုံးကနေ ညှစ်လိုက်တဲ့ သွေးပမာဏများလေလေ၊ သွေးလွှတ်ကြောနံရံတွေ ကျဉ်းလာလေလေ၊ သွေးပေါင်ချိန်တက်လာလေလေပဲ ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို ဖတ်တဲ့နေရာမှာ အပေါ်သွေးနဲ့ အောက်သွေးဆိုပြီး ၂မျိုးရှိပါတယ်။ 



ရောဂါလက္ခဏာများ


တချို့လူတွေမှာ ဘာရောဂါလက္ခဏာမှ မပြဘဲနဲ့ နှစ်တွေအကြာကြီး သွေးပေါင်ချိန် အရမ်းတက်နေတတ်တာမျိုးလည်း ရှိပါတယ်။ လူအနည်းငယ်မှာတော့ သွေးပေါင်ချိန်တက်နေတဲ့အချိန်ဆိုရင် ခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်း၊ နှာခေါင်းသွေးလျှံခြင်းများဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေအတိုင်း အတိအကျတော့ဖြစ်လေ့မရှိပါဘူး။ များသောအားဖြင့် ဆိုးဆိုးရွားရွား သွေးပေါင်ချိန်တက်နေတဲ့ အချိန်မရောက်မချင်း ဒီကလက္ခဏာတွေက မဖြစ်ပေါ်တတ်ပါဘူး။ သွေးပေါင်ချိန်တက်နေတာကို ဆရာဝန်နှင့် စနစ်တကျသေချာမကုသရင် လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။ 


အသက်၁၈နှစ်ကနေစပြီး အနည်းဆုံး နှစ်နှစ်ကို တစ်ခါ ဆရာဝန်ဖြင့် သွေးပေါင်ချိန်တိုင်းတာပြီး ဆွေးနွေးပါ။ အသက်၄၀နှင့်အထက် (သို့) အသက်၁၈-၃၉ကြားကလဖြစ်ပေမယ့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေအများဆုံးရှိနေပါက နှစ်စဉ်နှစ်တိုင်း ဆရာဝန်နှင့် သွေးပေါင်ချိန်တိုင်းတာ၍ ကြိုတင်ဆွေးနွေးသင့်ပါတယ်။ သွေးတိုးရောဂါ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ စသည်တို့ရှိပြီဆိုရင်တော့ သွေးပေါင်ချိန်ကို မကြာခဏတိုင်းတာသင့်ပါတယ်။ ၃နှစ်နှင့်အထက် ကလေးများကိုတော့ နှစ်စဉ် Medical Check-upအနေနဲ့ တိုင်းတာသင့်ပါတယ်။ ဆရာဝန်နှင့် ပုံမှန်တွေ့ရန် အဆင်မပြေပါက သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် မိမိအိမ်၌ပင် တိုင်းတာလို့ရပါတယ်။ သင့်တော်တဲ့ လက်မောင်းအပတ်နဲ့ တိကျတဲ့အဖြေထုတ်ပေးနိုင်တဲ့ ကိရိယာမျိုးကို သေချာရွေးချယ်ဝယ်ယူသင့်ပါတယ်။


အရွယ်ရောက်တဲ့ လူငယ်အများစုမှာ သွေးတိုးဖြစ်စေနိုင်တဲ့ အကြောင်းအရင်း သေသေချာချာမရှိဘဲနဲ့ သွေးပေါင်ချိန်တက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကိုတော့ Primary Hypertensionလို့ခေါ်ပါတယ်။

တချို့လူတွေမှာတော့ သွေးတိုးစေနိုင်တဲ့ အကြောင်းအရင်းများစွာကြောင့် သွေးပေါင်ချိန်တက်နေတာမျိုးကို Secondary Hypertensionလို့ခေါ်ပြီး ဒီအမျိုးအစားက Primary Hypertensionထက် ပိုပြီး သွေးပေါင်ချိန်အများကြီး တက်နိုင်ပါတယ်။ 



သွေးတိုးရောဂါ ဖြစ်ပွားနိုင်ခြေရှိသူများ


အိပ်နေတဲ့အချိန်မှာ အပေါ်ဘက်လေဝင်လမ်းကြောင်း ခဏခဏပိတ်တာကြောင့် ဖြစ်လာတဲ့ နာတာရှည် Obstructive Sleep Apnea၊ ကျောက်ကပ်ရောဂါ၊ Adrenal gland ကျူမာ၊ သျွိုင်းရိုက်ရောဂါ၊ မွေးရာပါ သွေးကြော၌ ချို့ယွင်းချက်ရှိနေ‌မှုများ၊ အကိုက်အခဲပျောက်ဆေး၊ သန္ဓေတားဆေး၊ အဖျားပျောက်ရန်သောက်သော တိုင်းရင်းဆေးများ၊ ကိုကိန်း၊ အဖက်တမင်း အစရှိသည့် ဆေးများကြောင့်လည်းကောင်း သွေးတိုးရောဂါဖြစ်ပွားနိုင်ပါတယ်။ 

အသက်ကြီးလာတာနဲ့အမျှ သွေးတိုးရောဂါဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ၆၅နှစ်မတိုင်မှီ အမျိုးသားတွေမှာ သွေးတိုးရောဂါ ဖြစ်ပွားတတ်ပေမယ့် အမျိုးသမီးတွေမှာတော့ ၆၅နှစ် နောက်ပိုင်းမှသာ ‌‌သွေးတိုးရောဂါ ဖြစ်ပွားတတ်ကြပါတယ်။ လူမျိုးနွယ်စုတွေပေါ်မှာ မူတည်ပြီးလည်း သွေးတိုးရောဂါ ဖြစ်ပွားမှုတွေက ပိုမိုများပြားတတ်ပါတယ်။ မိသားစုထဲမှာ သွေးတိုးရောဂါရှိသူ ရှိပါက ၎င်း၏ မျိုးဆက်၌လည်း သွေးတိုးရောဂါဖြစ်နိုင်ခြေများ ပါလာတတ်ပါတယ်။ အဝလွန်နေသောသူများ၊ လှုပ်လှုပ်ရှားရှားနေလေ့မရှိသူများ၊ ဆေးရွက်ကြီးသောက်သုံးသူများ၊ စီးကရက်သောက်သုံးသူများ၊ နေ့စဉ်အစားအသောက်များတွင် အငန်စားလွန်းသူများ၊ ပိုတက်စီယမ်ဓာတ်အား လုံလောက်စွာ မစားသုံးသူများ၊ အရက်သောက်သူများ၊ စိတ်ဖိစီးမှုများသူများ၊ ဆီးချိုနှင့် ကျောက်ကပ်‌ရောဂါ ကဲ့သို့သော နာတာရှည်ရောဂါရှိသူများ စသည်တို့သည် သွေးတိုးရောဂါဖြစ်နိုင်ခြေ အများဆုံးသူများဖြစ်ပါတယ်။

* တခါတရံမှာ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာလည်း သွေးတိုးရောဂါဖြစ်ပွားတတ်ပါတယ်။



ကလေးတွေမှာ သွေးတိုးရောဂါဖြစ်ရင်တော့ အရမ်းအန္တရာယ်ကြီးပါတယ်။ တချို့ကလေးတွေမှာ ကျောက်ကပ်ရောဂါနှင့် နှလုံးရောဂါတို့ကြောင့် သွေးတိုးရောဂါဖြစ်တတ်ပါတယ်။ ဖွံ့ဖြိုးဆဲကလေးတွေမှာ ချို့တဲ့တဲ့ စားသောက်မှုပုံစံများ၊ လှုပ်လှုပ်ရှားရှားဆော့ကစားခြင်းမရှိသည်များကြောင့် သွေးတိုး‌ရောဂါ ဖြစ်ပွားတတ်ပါတယ်။



နောက်ဆက်တွဲ ရောဂါများ


သွေးတိုးရောဂါကို စနစ်တကျ သေချာမကုသပါက Heart Attack၊ လေဖြတ်ခြင်း၊ သွေးကြောများ အားနည်းပြီး ဖောင်းပွလာကာ Aneurysmဖြစ်လာခြင်း၊ နှလုံးကြွက်သားတွေ ထူလာပြီး Heart Failureရခြင်း၊ ကျောက်ကပ်ရှိသွေးကြောများ အားနည်းပြီး ကျဉ်းလာခြင်း၊ မျက်လုံးရှိသွေးကြောများ ကျဉ်းလာပြီး ပေါက်ပြဲခြင်း၊ Triglycerides၊ Insulin နှင့် သွေးပေါင်ချိန်တွေတက်ပြီး HDL ကျနေသော Metabolic Syndromeဖြစ်ခြင်း၊ မှတ်မိနိုင်စွမ်းများ ထိခိုက်ခြင်း၊ Dementiaဖြစ်ခြင်းစသည်တို့ ဖြစ်ပွားတတ်ပါတယ်။


Comments

Post a Comment