Hypoglycemia

 Hypoglycemia (​သွေးတွင်း သကြားဓါတ်ကျခြင်း)


ဒီနေ့မှာတော့ သွေးတွင်းသကြားဓာတ်နဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေကိုဖြေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။  


မေး။ ။ သွေးတွင်းသကြားဓာတ်ကျတာကို ဘယ်လက္ခဏာတွေ ကြည့်ပြီးသိနိုင်လဲ ဆရာ။ 


ဖြေ။ ။ လက္ခဏာတွေကတော့ တစ်ဦးနဲ့ တစ်ဦး မတူနိုင်ပါဘူးခင်ဗျ။ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မူးမေ့မလိုဖြစ်ခြင်း၊ တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ချွေးစေးထွက်ခြင်း၊ စကား‌ပြော ဝေဝါးလာခြင်း၊ ခြေဖျားလက်ဖျားများအေးစက်လာခြင်းတို့ပဲဖြစ်ပါတယ်။ 


မေး။ ။ ဒါဆိုရင် သကြားဓာတ်က ဘာကြောင့်နည်းရတာလဲဆရာ။ 


ဖြေ။ ။ ဟုတ်ကဲ့ပါ။ သွေးတွင်းသကြားဓာတ်နည်းစေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။

ဆီးချိုရှိတဲ့ သူနဲ့ မရှိတဲ့ သူ ၂မျိုးလုံးမှာ  တွေ့နိုင်ပါတယ်။ သွေးချိုဆီးချိုရှိတဲ့သူတွေမှာ အင်ဆူလင်စတဲ့ သကြားဓာတ်ထိန်းညှိပေးတဲ့ဆေးတွေသောက်ပြီး အစားမစားမိတဲ့အခါမှာ သွေးတွင်းသကြားဓာတ် နည်းနိုင်ပါတယ်။ နောက်ပြီး ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုး‌တွေဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ  ခံစားနေရတဲ့ လူနာတွေမှာ ပိုဖြစ်နိုင်တာကြောင့် သတိထားရပါမယ်။ မုန့်ချိုအိတ်

 ( ပန်ကရိယ) နဲ့ အဒရီနယ်ဂလင်းမှာဖြစ်တဲ့ရောဂါတွေကြာင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါ မရှိသော်လည်း အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့အခံရောဂါရှိတဲ့ လူနာတွေမှာလည်း တွေ့နိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ အာဟာရချို့တဲ့ခြင်းစတဲ့ အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်ချိန်၊ စားချိန် မမှန်တဲ့သူတွေမှာ လည်းဖြစ်နိုင်ပါတယ်ဗျ။ 


မေး။ ။ သကြားဓာတ်ကျတဲ့လက္ခဏာတွေ ဖြစ်လာရင် သက်သာအောင် ဘယ်လိုကုသရမလဲ။ 


ဖြေ။ ။ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဆိုတဲ့အတိုင်း သွေးတွင်းသကြားဓာတ်ကျခြင်းကို ကုသဖို့ အကောင်းဆုံးနည်းလမ်းကတော့ အာဟာရပြည့်ဝစွာစားသုံးခြင်း၊ နေထိုင်မှုပုံစံ ( life style) ကိုဂရုစိုက်ခြင်း စသည်တို့က သွေးတွင်း သကြားဓာတ်ကျခြင်းကို ကြိုတင်ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ 


မေး။ ။ ဟုတ်ကဲ့ပါ။ အဲ့ဒါဆိုရင် ဘယ်လိုအစားအစာတွေ စားသင့်ပါလဲရှင့်။ နောက်ပြီး နေထိုင်မှုပုံစံကိုလည်း နည်းနည်း ရှင်းပြပေးလို့ ရမလားရှင့် ဆရာ။


ဖြေ။ ။ အစာအုပ်စု (၃) ခု မျှတစွာစားသုံးဖို့ လိုပါတယ်ခင်ဗျ။ ပရိုတင်းဓာတ်နဲ့ ကောင်းမွန်တဲ့အဆီဓာတ်ကို အသားပေးစားသုံးပြီး ကစီဓာတ်ကို လျှော့စားသင့်ပါတယ်။ အစာကို နည်းနည်း နဲ့ မကြာခဏ စားပေး သင့်ပါတယ်။ သကြားဓာတ်ကျတယ်ဆိုပြီး သကြားနဲ့ အချိုများတဲ့အစားအစာတွေ အများကြီးစားသုံးခြင်းဟာ ပန်ကရိယကို အလုပ်ပိုလုပ်စေပါတယ်။ ဒါကြောင့် သကြားနဲ့အချိုများတဲ့အစာတွေ  အများကြီးစားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ 

နေထိုင်မှုပုံစံ (life style)နဲ့ ပတ်သက်ပြီး အနည်းငယ် အကြံပေးပြောပါရစေ။ အရမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး အစားအစာ လျှော့ပစ်တာမျိုး၊ အိပ်ရေးပျက် များတာမျိုး၊ ဆီးချိုဆေးနဲ့ အစာကို မျှတစွာ မစားသောက်တာမျိုး စတာတွေ မဖြစ်အောင် ဂရုတစိုက်နေထိုင်သင့်တယ်လို့ အကြံပြုပါရစေ ခင်ဗျား။


မေး။ ။ စိတ်ဖိစီးမှုများရင် ဘာလို့သကြားဓာတ်ကျစေတာလဲ ဆရာ။ 


ဖြေ။ ။ စိတ်ဖိစီးမှုများတာကို တုံ့ပြန်တဲ့အနေနဲ့ ခန္ဓာကိုယ်က ဟော်မုန်းတွေထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းတွေဟာ သွေးတွင်းသကြားဓာတ်ကိုတက်စေပါတယ်။ သကြားဓာတ်တက်လာတဲ့အခါ ပန်ကရိယက အင်ဆူလင်တွေအမြောက်အများထုတ်လိုက်တဲ့အတွက် သကြားဓာတ်ကျဆင်းတာဖြစ်ပါတယ်။ 


မေး။ ။ အရက်သောက်ရင်ရော သကြားဓာတ်ကျတတ်ပါသလား ဆရာ။ 


ဖြေ။ ။ ကျွန်တော်ဖတ်ဖူးတဲ့စာအတိုင်း ပြောရမယ်ဆိုရင် “သွေးတွင်းသကြားဓာတ်မကျဖူးတဲ့ အရက်သမားရယ်လို့မရှိဘူး” ပြောရမှာပေါ့ဗျာ။ 


အခုလိုမေးခွန်းတွေဖြေပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ။ 


ကျွန်တော်ကလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။


Comments

  1. Wheel.............dope.🏹🏹🏹

    ReplyDelete
  2. Done. စကစ မကြာခင် အရှုံးဆိုးနဲ့ရှုံးတော့မယ်🤘🤘🤘

    ReplyDelete

Post a Comment