Indigestion

 Indigestion (အစာမ​ကြေခြင်း)

Image credit to Freepik.com


🔺အစာမကြေဖြစ်တယ်ဆိုတာ အစာအိမ်နေရာ (များ​သောအားဖြင့် ရင်ညွန့်​နေရာ) မှာ အစာ ရှိသည်ဖြစ်​စေ၊ မရှိသည်ဖြစ်​စေ မအီမသာဖြစ်​နေတာမျိုးပါ။ ရောဂါတစ်ခုဆိုတာထက် ဗိုက်နာခြင်း၊ အစာနည်းနည်း စားရုံနဲ့ ဗိုက်ပြည့်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း စတဲ့ လက္ခဏာ​တွေကို ခံစားရတဲ့ ကျန်းမာ​ရေးအ​ခြေအ​နေ တစ်ခုလို့ ​သတ်မှတ်ရမှာပါ။ အစာမကြေဖြစ်တာဟာ တခြားသော အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေရဲ့ လက္ခဏာတစ်ခုလဲ ဖြစ်နိုင်ပါတယ်။ အစာမကြေခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတစ်ခုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံခြင်း အမြဲ မတူ‌ပါဘူး။ ပုံမှန်အားဖြင့် အစာမကြေဖြစ်တာကို အစားအသောက်ပုံစံ၊ လူနေမှုဘဝပုံစံပြောင်းလဲတာနဲ့ ဆေးအကူအညီယူပြီး သက်သာ​အောင်လုပ်လို့ပါတယ်။ 


🔺️အစာမကြေတဲ့အခါအဖြစ်များတဲ့ လက္ခဏာတွေကတော့-

၁။ ဘာမှမစားရဘဲနဲ့ ဗိုက်ပြည့်နေတာ

၂။ အစာစားပြီး မအီမသာဖြစ်နေတာ

၃။ ဗိုက်အထက်နားက တင်းကျပ်နေပြီး နာနေတာ

၄။ ပျို့အန်ချင်နေတာ တို့ဖြစ်ပါတယ်။ 


🔺အစာမကြေခြင်းကို ဖြစ်​စေနိုင်တဲ့ အကြောင်းအရင်း​တွေကတော့-

၁။ အစာစားတာများခြင်း သို့မဟုတ်   အစာမြန်မြန်စားခြင်း

၂။ ဆီများသော၊ အစပ်များသော အစားအစာများစားခြင်း  

၃။ ဆေးလိပ်သောက်ခြင်း

၄။ စိုးရိမ်ပူပန်မှုများခြင်း

၅။ အကိုက်အခဲ​ပျောက်ဆေးများနှင့် သံဓာတ်ပါသောအားဆေးများသောက်ခြင်း

၆။ အစာအိမ်ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ Pancreas (ပန်ကရိယ) ရောင်ခြင်း၊ အစာအိမ်ကင်ဆာ၊ ကိုယ်ဝန်ရှိခြင်းနှင့် ဆီးချိုရောဂါကဲ့သို့ ရောဂါများဖြစ်ပါတယ်။ ရံဖန်ရံခါမှာ နှလုံး​သွေး​ကြော ကျဥ်ခြင်း/ပိတ်ခြင်း ​​လက္ခဏာများ​ကြောင့်လည်း အစာမ​ကြေခြင်းကို ခံစားရတတ်ပါတယ်။


🔺များ​သောအားဖြင့် မပြင်းထန်တဲ့ အစာမကြေခြင်းကို​တော့ နေထိုင်မှုပုံစံကို ​ပြောင်းလဲခြင်းအားဖြင့် သက်သာ​အောင်လုပ်လို့ရပါတယ်။ 


▪️အစားအ​သောက်​တွေကို နည်းနည်းချင်းစီနဲ့ မကြာခဏ စား​ပေးပါ။ အစာကို ဖြည်းဖြည်းချင်း သေချာဝါးစားပါ။ 


▪️အဆီများပြီး စပ်တဲ့အစားအ​သောက်​တွေ၊ ပြုပြင်ထားတဲ့ အစားအ​သောက်​တွေ၊ ကာဗွန်နိတ်အဖျော်ယမကာ​တွေ၊ ကဖိန်းဓာတ်၊ အရက်နှင့် ဆေးလိပ်သောက်ခြင်းတို့ဟာ အစာမကြေခြင်းကို ဖြစ်စေတာ​ကြောင့် တတ်နိုင်သ​လောက် ​​ရှောင်ကြဥ်ပါ။ 


▪️ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။ ပိုလျှံ​နေတဲ့ ကိုယ်အလေးချိန်ပေါင်များဟာ ဝမ်းဗိုက်ကို ဖိအားဖြစ်စေပြီး အစာအိမ်ကို အထက်သို့ တွန်းပို့ကာ အစာအိမ်ထဲက အက်စစ်ဓါတ်​တွေကို အထက်မှာရှိ​နေတဲ့ အစာ​မျိုပြွန်အတွင်း စုပုံလာ​စေတာ​ကြောင့်ပါ။ 


▪️လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ပိုကျစေပြီး အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။ 


▪️စိတ်ဖိစီးမှုကို ​လျှော့ချပါ။ ထမင်းစားချိန်မှာ သာယာတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပါ။ အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် ယောဂကဲ့သို့သော အပန်းဖြေနည်းများကို လေ့ကျင့်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေကို လုပ်ရင်း အချိန်ဖြုန်းပါ။ များများအိပ်ပါ။ 


▪️ဆရာဝန်ရဲ့ ခွင့်ပြုချက်ကိုယူပြီး အစာအိမ်နံရံကို ထိခိုက်စေနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများ သို့မဟုတ် အခြားဆေးများကို ဖြတ်ပါ သို့်မဟုတ် ​ပြောင်းလဲပါ။ ရွေးချယ်စရာမရှိဘူးဆိုရင်​တော့ အဲဒီဆေး​တွေကို အစာနဲ့တွဲသောက်ပါ။ 


အစာမ​ကြေခြင်းကို ကာကွယ်ဖို့ဖြစ်​စေ၊ သက်သာ​စေဖို့ဖြစ်​စေ ဒီနည်းလမ်း​လေး​တွေကို လိုက်နာသင့်ပါတယ်။ 


🔺ပြင်းထန်မှုမရှိတဲ့ အစာမကြေခြင်းဟာ များသောအားဖြင့် စိုးရိမ်စရာမရှိပါဘူး။ ဒါ​ပေမယ့် နှစ်ပတ်ထက်ပိုပြီး အဆင်မပြေ ဖြစ်​နေမယ်ဆိုရင်​တော့ ဆရာဝန်နှင့် တိုင်ပင်ပါ။ 


▪️မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် အစာစားချင်စိတ် ဆုံးရှုံးခြင်း 


▪️ထပ်ခါထပ်ခါ အန်ခြင်း သို့မဟုတ် အန်တဲ့အခါ ​သွေးပါခြင်း ၊ကော်ဖီနှစ်ကဲ့သို့ အညိုရောင် အမဲရောင်များအန်ခြင်း


▪️ဝမ်းမည်းမည်းသွားခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း 


▪️အစာမျိုရခက်သည်မှာ တဖြည်းဖြည်း ပိုဆိုးလာခြင်း 


▪️သွေးအားနည်းခြင်းကို ညွှန်ပြနေတဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းတို့ဖြစ်ခြင်း 


အောက်ပါလက္ခဏာများဖြစ်ပေါ်လာပါက ဆေးကုသမှု ချက်ခြင်းခံယူသင့်ပါတယ်။ 


▪️အသက်ရှုကြပ်ခြင်း၊ ချွေးထွက်ခြင်း၊ ရင်ဘတ်​အောင့်ပြီး နာကျင်မှုက မေးရိုး၊ လည်ပင်း၊ လက်တို့အထိ ​ပျံ့နှံ့လာခြင်း 


▪️အားစိုက်ရတဲ့အခါမှာ ရင်ဘတ်အောင့်လာခြင်း 


နာကျင်မှုပြင်းထန်လာလျှင် သို့မဟုတ် နာကျင်မှုနဲ့အတူအထက်ပါလက္ခဏာ​တွေပါ ဖြစ်ပေါ်လာတယ် ဆိုရင်တော့ ဆရာဝန်ဆီကို ချက်ချင်း သွား​ရောက်ပြသသင့်ပါတယ်။


Comments