X-rays

 X-rays (ဓာတ်မှန်)


ဓာတ်မှန်လို့ ခေါ်ကြတဲ့ X-ray imaging ဟာ ဆေးပညာအတွက် လွန်စွာအသုံးဝင်လှတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာကို စတင်‌တွေ့ရှိခဲ့သူကတော့ ဂျာမန်ရူပ‌ဗေဒပညာရှင် Dr. Willem Roentgen ဖြစ်ပါတယ်။ Roentgen ဟာ ဒီနည်းပညာကို အမှတ်မထင်ဖြစ်ရပ်တစ်ခုကနေ တွေ့ရှိခဲ့တာပါ။

၁၈၉၅ ခုနှစ်ရဲ့ တစ်ခုသောနေ့မှာ Roentgen ဟာ စမ်းသပ်ခန်းထဲမှာ လျှပ်စစ်အသုံးပြုပြီး သတ္ထုကနေ အီလက်ထရွန်ထုတ်လွှတ်မှုကို စမ်းသပ်လေ့လာနေတုန်းမှာ အခန်းထဲမှာရှိတဲ့ Phosphorus ပါတဲ့ ပစ္စည်းဟာ လင်းလက်သွားတာကို သတိပြုမိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို အလွန်စိတ်ဝင်စားသွားပြီး စမ်းသပ်မှု‌တွေလုပ်ကြည့်ခဲ့ပါတယ်။ အီလက်ထရွန်ထုတ်လွှတ်တဲ့ ကိရိယာကို ကတ္ထူပြား၊ သစ်သားပြား စတာတွေနဲ့ ကွယ်ထားတော့လည်း Phosphorus ကို လင်းလက်စေတာကို တွေ့ရပါတယ်။ သူ့ရဲ့လက်နဲ့ကာကြည့်တဲ့အခါ Phosphorus ပါတဲ့ ပစ္စည်းပေါ်မှာ လက်ပုံစံနဲ့တူတဲ့ အရိပ်ထင်ကျန်ရစ်တာကို တွေ့ရပါတယ်။ အဲဒီလိုနဲ့ Phosphorus ပါတဲ့ ဖလင်ပြားတစ်ခု ဖန်တီးပြီး သူရဲ့လက်ပုံကို ဖလင်ပြားပေါ်မှာ အောင်မြင်စွာ ရိုက်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံးသော ဓါတ်မှန်ပုံလို့ ဆိုရမှာပါ။ 

Roentgen ဟာ ဆက်လက်လေ့လာကြည့်ရင်းနဲ့ လျှပ်စစ်လှုံ့ဆော်မှုကြောင့် သတ္ထုကနေ မမြင်နိုင်တဲ့ရောင်ခြည်တစ်မျိုးဖြာထွက်တာကို နားလည်လာခဲ့ပါတယ်။ အဲဒီရောင်ခြည်ကို ဘာခေါ်ရမှန်းမသိလို့ X-ray လို့ပဲ ခေါ်လိုက်ပါတယ်။ စမ်းသပ်မှုကို သေချာအောင် အကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့နောက် သူ့ရဲ့တွေ့ရှိမှုကို ၁၈၉၆ မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီနည်းပညာဟာ အချိန်တိုအတွင်းလူသိများလာခဲ့ပြီး ဆေးကုသမှုနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အသုံးပြုလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ X-ray ရဲ့ အန္တရာယ်ကို သိလာကြတဲ့အတွက် ဖျော်ဖြေရေးနဲ့ဓာတ်ပုံတိုက်တွေမှာ သုံးစွဲခွင့်မပြုတော့ပါဘူး။ X-ray အန္တရာယ်ကာကွယ်ရေးနည်းလမ်းတွေလည်း ကြံဆချမှတ်လာကြရပါတယ်။ စနစ်တကျသုံးစွဲမယ်ဆိုရင်တော့ X-ray ဟာ များစွာအသုံးဝင်လှပါတယ်။ X-ray ကို ဆေးပညာလောကမှာ စနစ်ကျတဲ့စည်းကမ်းတွေသတ်မှတ်ကာ သုံးစွဲလျက်ရှိပြီး ယနေ့တိုင် လူသားတွေကို အကျိုးပြုနေဆဲဖြစ်ပါတယ်။

Comments

Post a Comment