Worms

သန်​ကောင်​တွေအ​ကြောင်း

(Image credit to original source)

🔸️အူလမ်းကြောင်းကို ကူးစက်တတ်တဲ့ သန်ကောင်များ သို့မဟုတ် ကပ်ပါးပိုးများဟာ လူ့ခန္ဓာကိုယ်က အာဟာရတွေကို မှီခိုရယူစားသုံးတဲ့ သက်ရှိတွေ ဖြစ်ပါတယ်။ တိပ်ပြားသန်​ကောင်၊ ချိတ်သန်​ကောင်တို့က​တော့ လူသိများတဲ့ အမျိုးအစား​တွေဖြစ်ပြီး လူသိနည်းတဲ့ အခြားအမျိုးကွဲ​တွေလည်း အများအပြားရှိပါတယ်။ သန်​ကောင်ကူးစက်မှု​တွေဟာ ​ကျေးရွာ​တွေ (သို့) သန့်ရှင်းမှာအားနည်းတဲ့​ဒေသ​တွေမှာ အဖြစ်များပါတယ်။ 


🔸️အူလမ်း​ကြောင်းမှာ သန်ကောင်​တွေရှိ​နေပြီဆိုရင် အဖြစ်များတဲ့ လက္ခဏာ​တွေက​တော့- 


▪️ဝမ်းဗိုက်နာကျင်ခြင်း

▪️ဝမ်းလျှောခြင်း၊ ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်း

▪️ဝမ်းဗိုက်ထဲ ဂတ်စ်များပြည့်နေသဖြင့် ဖောရောင်ခြင်း

▪️ပင်ပန်းနွမ်းနယ်ခြင်း

▪️အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်ပါတယ်။ 


အူလမ်းကြောင်းမှာ သန်ကောင်တွေ ရှိနေတဲ့သူဟာ ဝမ်းကိုက်ရောဂါလည်း ခံစားရနိုင်ပါတယ်။ ဝမ်းကိုက်​ရောဂါဆိုတာ အူလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဝမ်း​လျှောပြီး ဝမ်းထဲမှာ သွေးနှင့်အချွဲ​တွေပါလာတဲ့ ​အ​ခြေအ​နေတစ်ခုဖြစ်ပါတယ်။ သန်ကောင်တွေဟာ စအို သို့မဟုတ် အင်္ဂါစပ်တစ်ဝိုက်မှာ အဖုများ သို့မဟုတ် ယားယံခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်​လေမှာ ဝမ်းသွားတဲ့အထဲ သန်​ကောင် အ​ကောင်လိုက် ပါလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အချို့လူတွေမှာ​တော့ ရောဂါလက္ခဏာမပြဘဲ အူလမ်းကြောင်းထဲမှာ သန်​ကောင်​တွေက နှစ်အတော်ကြာ ရှိနေနိုင်ပါတယ်။ 


🔸️ဘယ်လိုအ​ခြေအ​နေ​တွေမှာ သန်ကောင် ကူးစက်ခံရနိုင်သလဲ? 


▪️သန်ကောင်ဥရှိတဲ့ မျက်နှာပြင်တွေကို ထိမိတဲ့အခါ၊

(ဥပမာ- သန်ကောင်ရှိ​သော လူများ၏ သေချာစွာ မဆေးထားသော လက်များမှတဆင့်)

▪️သန်ကောင်ဥ ပါရှိသော မြေကြီးများကို ကိုင်မိခြင်း၊ မသန့်ရှင်းသော ရေနှင့် အစာများကို စား​သောက်မိခြင်း၊

▪️သန်ကောင်ရှိသော မြေကြီးပေါ်သို့ ဖိနပ်မပါဘဲ ခြေပြောင်ဖြင့် လမ်းလျှောက်ခြင်း၊

▪️မချက်ထားသော၊ မကျက်သော အသားနှင့် ငါးများကို စားသုံးခြင်း တို့မှတဆင့် ကူးစက်နိုင်ပါတယ်။ 


🔸️အူလမ်းကြောင်းမှာ သန်ကောင်ရှိခြင်းက ​နောက်ဆက်တွဲအ​နေနဲ့ အူလမ်းကြောင်းပိတ်ခြင်းနှင့် သွေးအားနည်းခြင်းတို့ကို ဖြစ်နိုင်စေပါတယ်။ 


သန်ကောင်တွေကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေဟာ အသက်အရွယ်ကြီးရင့်သူများနှင့် HIV/AIDS ကဲ့သို့ ခုခံအားကျဆင်း‌စေတဲ့ ရောဂါအခံရှိသူ​တွေမှာ ပိုပြီး ဖြစ်နိုင်ပါတယ်။ 


က​လေး​တွေမှာ သန်​ကောင်ကူးစက်ခံရရင်​တော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု​တွေမှာ အ​နှောက်အယှက်ဖြစ်​စေနိုင်ပါတယ်။ 


ကိုယ်ဝန်ဆောင်မိခင်တွေမှာ သန်ကောင်ကူးစက်ခံတဲ့အခါ သာမန်လူ​တွေထက် အန္တရာယ်ပိုများတာကြောင့် ကိုယ်ဝန်ရှိ​နေစဥ် သန်​ကောင်ကူးစက်ခံရပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုကို ခံယူသင့်ပါတယ်။ 


🔸️သန်ကောင်အမျိုးအစားပေါ်မူတည်ပြီး ကုသမှုတွေကလည်း ကွဲပြားပါတယ်။ ဥပမာ Tapeworm လို့​ခေါ်တဲ့ သန်ပြားကောင်အမျိုးအစားတွေကိုတော့ Praziquentel ဆေးနဲ့ကုသ​လေ့ရှိပြီး Roundworm လို့​ခေါ်တဲ့ သန်လုံး​ကောင်တွေကိုတော့ Mebendazole (သို့) Albendazole ပါဝင်တဲ့ဆေးများနဲ့ကုသ​လေ့ရှိပါတယ်။ 


🔸️အကယ်၌-

-ဝမ်းထဲမှာ ​သွေး (သို့) ပြည်တွေပါလာရင်

-နေ့တိုင်း (သို့) ခဏခဏ အန်​နေရင်

-ကိုယ်အပူချိန်မြင့်လာရင်

-အလွန်အမင်း နုံးချပြီး ​ရေဓါတ်ဆုံးရှုံးလာရင်​တော့ ဆရာဝန်ဆီ သွား​ရောက်ပြသသင့်ပါတယ်။ 


🔸️သန်ကောင်ကူးစက်မှုကို ဘယ်လိုကာကွယ်ကြမလဲ? 


-အညစ်အကြေးမစွန့်ခင်၊ စွန့်ပြီးတိုင်းနှင့် အစာမစားခင်၊ စားပြီးတိုင်းမှာလက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးကြောပါ။

-အသား၊ ငါးတွေကို သေချာကျက်အောင် ချက်ပြီးမှ စားသုံးပါ။ ချက်ပြီးပြီးချင်းလည်းတန်းမစားသင့်ပါဘူး။

-အစိမ်းစားမယ့် (သို့) ချက်ပြုတ်စားမယ့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကို လည်း စင်ကြယ်စွာဆေးကြောပါ။ ​ရေသန့် (သို့) ကျိုချက်ထားတဲ့​ရေနဲ့ ​ဆေးနိုင်ရင် ပို​ကောင်းပါတယ်။

-အသားလှီးတဲ့ ဓါး၊ စစ်နီတုံး စတဲ့ အသုံးအ​ဆောင်​တွေကို အသုံးပြုပြီးတာနဲ့ ​သေချာ​ဆေး​ကြောပါ။

-ကြမ်းပြင်​ပေါ် အစားအ​သောက်​တွေ ပြုတ်ကျသွားခဲ့ရင်လည်း ​သေချာပြန်ဆေး​ကြော (သို့) အပူပြန်​ပေးပြီးမှ စားပါ။

-အိမ်​မွေးတိရစ္ဆာန်​လေး​တွေကိုလည်း ပုံမှန်သန်ချ​ပေးပြီး အညစ်အ​ကြေးတွေကိုလည်း စနစ်တကျ စွန့်ပစ်​ပေးပါ။

Comments

  1. We are clickers , we can do it .

    ReplyDelete
  2. thanks for sharing knowledge

    ReplyDelete
  3. Yes. ... ✌️✌️🍀🍀

    ReplyDelete
  4. ☝️☝️☝️

    ReplyDelete
  5. 💤💤💤

    ReplyDelete
  6. Wheel.........dope.🏹🏹🏹

    ReplyDelete

Post a Comment